မော်လမြိုင် ၊ ဧပြီ (၂)

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲတော် ကျင်းပဖို့ စီစဉ်နေပေမယ့် သင်္ကြန် အသုံးအဆောင် ပစ္စည်းတွေ အရောင်းအဝယ် မရှိသလောက် နည်းပါးနေတယ်လို့ ဈေးရောင်းနေသူတွေက ပြောပါတယ်။

မွန်ပြည်နယ်ရဲ့ သင်္ကြန်ကာလတွေမှာ ရေပြွတ်၊ ဖုန်းရေစိုခံအိတ်၊ မျက်မှန်၊ ဆပ်ပြာ စပလေးဗူးအပြင် တခြား အသုံးအဆောင် ပစ္စည်းတွေဟာ သင်္ကြန်မတိုင်မီကတည်းက ရောင်းလိုအားကောင်းခဲ့ပေမယ့် အခုနှစ်မှာတော့ ဈေးကွက်အတွင်း အရောင်းအဝယ် မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။

သင်္ကြန်ပစ္စည်း ရောင်းချသူနေ တစ်ဦးကတော့ အခုနှစ်မှာ ဒိုင်ကြီးတွေကလည်း မှာယူတင်သွင်းတာ မရှိသလို လာရောက် ဝယ်ယူသူတွေ မရှိတာကြောင့် ဆိုင်တင်ရောင်းချတာ မလုပ်တော့ဘူးလို့ ပြောပါတယ်။



“အရင်ကတော့ သင်္ကြန်ဆိုလိုရှိရင် မျက်မှန် ပြီးသွားလို့ရှိရင် ဦးထုပ်တို့ ရေစိုအိတ်တို့ ဘာတို့ပေါ့နော် ပြီးသွားရင် သင်္ကြန်အတွက် အနွေထည်တွေ အစုံ အဲ့လိုမျိုး ရောင်းတယ်၊ ပိုပြီးတော့ ရာသီစာ ရောင်းတယ်၊ အရင် သင်္ကြန်ပစ္စည်း တအားသွင်းတဲ့ လူတွေတောင်မှလေ တကယ် ဒိုင်ကြီးတွေလည်း မမှာဘူး၊ မမှာကျဘူး ပစ္စည်းတွေ သူတို့လည်း အခြေအနေ သဘောပေါက်တယ် နေမှာပေါ့ မရောင်းရဘူးဆိုတာ သိလို့ဖြစ်မှာပေါ့၊ မမှာကျဘူး၊ မေးသမားလည်း မရှိဘူး၊ အရင်က ဒီအချိန်ဆိုလိုရှိရင် ရေစိုအိတ်က တော်တော်ကုန်နေပြီး သင်္ကြန်အတွက် ရေစိုအိတ်တွေ ဘာတွေ အခုဆို မေးသမားကို မရှိဘူး၊ ကိုယ်တွေ မတင်လည်း မတင်ဘူး”လို့ ဆိုပါတယ်။

သင်္ကြန်အသုံးအဆောင် ပစ္စည်းတွေဟာ အရင်က သင်္ကြန် ပွဲတော် မကျင်းပမီ တစ်လလောက်အလိုကတည်းက ဈေးကွက်အတွင်း ရောင်းအား ကောင်းခဲ့တာ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ကျရောက်တဲ့ သင်္ကြန်ကာလတွေမှာတော့ အရောင်းအဝယ် မရှိတော့တဲ့ အခြေအနေထိ ဖြစ်လာခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီကတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အချိန်မှာ သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲတာတွေ မလုပ်ဘဲ တော်လှန်သင်္ကြန် ဆက်လက် ဆင်နွှဲပေးဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.