မော်လမြိုင် ၊ ဧပြီ (၁)

ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ မွန်ပြည်နယ်အတွင်းက ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က အတင်းအကြပ် ဖိအားပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ကောင်စီဟာ ပြည်နယ်အတွင်းရှိ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေ၊ ရုပ်ရှင်ရုံပိုင်ရှင်တွေနဲ့ ရုပ်ရှင်ရုံကိုယ်စားလှယ်တွေကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးလာတာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မော်လမြိုင်ရှိ ဘုရင့်ရုံ၊သီရိမြိုင်ရုပ်ရှင်ရုံနဲ့ Ocean Center မှာ ဖွင့်ထားတဲ့ ရုပ်ရှင်ရုံတွေအား သက်တမ်း တိုးဆောင်ရွက်ပြီး ကျန်တဲ့ရုပ်ရှင်ရုံတွေလည်း လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။



ဒါ့အပြင် ရုပ်ရှင်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းမရှိသေးတဲ့ ရုပ်ရှင်ရုံတွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်သလို ဆောင်ရွက်တာ မရှိရင် စာချုပ် ဖောက်ဖျက်ရာရောက်တယ်လို့ ဖိအားပေး ပြောဆိုခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း ၁၉၀ ကျော်ထဲက ရုံ ၆၀ ကို လာမယ့် ဧပြီ ၁၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရုပ်ရှင်ရုံပြန်ဖွင့်မယ့်ရက်မှာတော့ လူမင်းနဲ့ ရွှေမှုန်ရတီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဝေးမနေချင်ဘူး’ ဇာတ်ကားကို ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

ဒီမိုကရေစီအရေးနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပြန်ဖွင့်မယ့် ရုပ်ရှင်ရုံတွေကို သွားမကြည့်ဘဲ သပိတ်မှောက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.