မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်းမှာ အခြေခံလူတန်းစားပြည်သူတွေ မိသားစု စားဝတ်နေရေး ပိုမို ကြပ်တည်းလာကြတယ်လို့ အခြေခံပြည်သူတွေက ပြောပါတယ်။

အခြေခံလူတန်းစာပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်တာကာလအတွင်းမှာ ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်လာတာနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေရတာပါ။

အခြေခံလူတန်းစာပြည်သူ တစ်ဦးကတော့ အလုပ်အကိုင် မရှိတဲ့အတွက်ကြောင့် ထမင်း တနပ်စားနိုင်ဖို့အတွက် မနည်းရုန်းကန်နေရတယ်လို့ ဆိုပါတယ်။

“ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကြပ်တည်းလာတယ် စားဝတ်နေရေးရော အလုပ်အကိုင်က အစပေါ့၊ အခက်အခဲကတော့ စားဝတ်နေရေး ကြပ်တည်းတာပေါ့၊ အခုဆို အလုပ်မဲ့ အကိုင်မဲ့ ဖြစ်တယ်၊ ကလေးတွေလည်း ကျောင်းမထားရဘူး၊ စီးပွားရေးက ကျွန်တော် ပထမကလုပ်နေတဲ့ စီးပွားရေးတောင် ပြန်မလုပ် နိုင်တော့ဘူး၊ ကျပန်း အလုပ်လုပ်တယ်ဆိုတော့ အခုဟာက အလုပ်လုပ်တဲ့ အခါကျလို့ရှိရင်လည်း လုပ်ခတွေက နည်းတယ်၊ အလုပ်တွေက ရှားတယ်၊ ထမင်း တနပ်လောက်ပဲ အနိုင်နိုင် စားနေရတာပေါ့”လို့ ဆိုပါတယ်။

အခြေခံလူတန်းစာပြည်သူတွေဟာ အခုအခါမှာတော့ ကြုံရာကျပန်း လုပ်ပြီး မိသားစု ဝမ်းရေး အခက်အခဲကို ဖြေရှင်းနေရသလို တချို့ကတော့ အငတ်နဲ့ စတင် ရင်ဆိုင်နေရတယ်လို့ ကူညီပေးနေသူတွေက ဆိုကြပါတယ်။

မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် အမျိုးသမီးတချို့ဟာ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်စားသောက်လာရသလို အမျိုးသားတချို့ကတော့ မိသားစု စားဝတ်နေရေးအတွက် လုယက်မှုတွေ ကျူးလွန်လာကြပါတယ်။

ကမ္ဘာ့စားနှပ်ရိက္ခာအထောက်အကူပြုရေးအဖွဲ့ WFP ကတော့ စစ်တပ် အာဏာသိမ်းထားတဲ့အတွက်ကြောင့် မြန်မာပြည်သူတွေဟာ အရင်ထက် ငတ်မွတ်ခေါင်းပါး ဒဏ်ကို ပိုမို ခံစားရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.