မော်လမြိုင် ၊ ဖေဖော်ဝါရီ (၅)

နိုင်ငံသားအားလုံး စစ်မှုထမ်းရမယ့် အမျိုးသားစစ်မှုထမ်းဥပဒေကို မဖြစ်မနေ အကောင်အထည် ဖော်သွားမယ်လို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကတော့ နိုင်ငံသားတိုင်း အမျိုးသားစစ်မှုထမ်းဥပဒေအရ ၂ နှစ်ကနေ ၃ နှစ်ဖြစ်ဖြစ် အခြေအနေပေါ်မူတည်ပြီး စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ရဲမှာ မဟုတ်သလို ဒီဥပဒေဟာ လက်ရှိ အခင်းအကျင်းအရ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒီနေ့လို တစ်ပြည်လုံး ယောက်ယက်ခတ်ပြီးတော့ တစ်တိုင်းတစ်ပြည်လုံးက စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေကို တုန့်ပြန်ဆန့်ကျင်နေတဲ့အခြေအနေမျိုးမှာ အဲဒီဥပဒေကို အကောင်အထည်ဖော်ရဲမှာ မဟုတ်ပါဘူး”လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်က စစ်မှုထမ်းရမယ်လို့ ပြောဆိုချက်ဟာ အာဏာသိမ်း စစ်တပ်မှာ အင်အားချိနဲ့လာတဲ့ အခြေအနေကို ဖော်ပြနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စမ်မှုထမ်းဥပဒေကို အရင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ပထမအပတ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ရှိတဲ့ အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိသူ အမျိုးသမီးတိုင်း ၂ နှစ်က‌နေ ၃ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြပါရှိပါတယ်။

ဥပဒေပညာရှင် တစ်ဦးကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ စစ်မှုထမ်း ဥပဒေကို မဖြစ်မနေ လုပ်ဆောင်မယ်ဆိုရင် နိုင်ငံဟာ ကြီးမားတဲ့ ပြည်းတွင်းစစ်ထဲ ဆွဲသွင်းသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

“အတင်းအကြပ်လုပ်လာခဲ့ရင် စွမ်းရည်ပြည့်ဝတဲ့၊ယုံကြည်ချက်ခိုင်၊ခံယူချက်ပြင်းပြတဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာဖို့ ခဲရင်းတယ်။အကြောက်တရားနဲ့ လုပ်တာဖြစ်တဲ့အတွက် အဖွဲ့စည်းဥပဒေနဲ့တော့ ဖြစ်ကောင်းဖြစ်မယ်။စွမ်းရည်ပြည့်ဝပြီးတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ တကယ့်ယုံကြည်ချက်နဲ့ အလုပ်လုပ်တဲ့သူမျိုးတော့ နည်းသွားမယ်။အဲဒါ ဘယ်လိုမှ စစ်စွမ်းရည်တိုးတက်လာစရာ အကြောင်းမရှိဘူး။အရေအတွက်များ ဖောင်းပွသွားတာပဲ ဖြစ်ပါတယ်”လို့ ၄င်းက သုံးသပ်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ ကျင့်သုံးဖို့ ပြောဆိုလာတာဟာ အာဏာသိမ်း စစ်တပ်ရဲ့ အင်အားချိနဲ့လာမှုကို ဖော်ပြနေတာလို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝန်းက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ မရတော့တဲ့ အခြေအနေထိ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.