မော်လမြိုင် ၊ ဇန်နဝါရီ (၂၂)

အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေဖြစ်ခဲ့တာကြောင့် ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်တွေ နေရေးထိုင်ရေး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာ မိုးရွာသွန်းတာကြောင့် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ နေထိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ဟာ အမိုးအကာ မရှိတာကြောင့် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလို ပြောပါတယ်။

“ မြစ်ကမ်းတစ်လျှောက်မှာ နေနေတဲ့ စစ်ရှောင်တော်တော်များများမှ တာလပတ်တွေ မရှိတော့ဘူး။ အဲ့လို မရှိတဲ့အချိန်မှာ မိုးရွာတော့ မိုးရေစိုတဲ့ အခက်အခဲတွေတော့ ရှိတယ်”လို့ ဆိုပါတယ်။

လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းဘက်ခြမ်းနဲ့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်အပြင် တခြားဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ ၊ ဆေးဝါးစတဲ့ အကူအညီတွေ လိုအပ်နေတာပါ။

စစ်ဘေးရှောင်တွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေဟာ ရာသီဥတုအခြေအနေကြောင့် ကျန်းမာရေးအခက်အခဲတွေ ပိုမိုဖြစ်ပွါးနေပြီး မိုးရွာသွန်းမှုကြောင့် သက်ကြီးရွယ်အိုတစ်ဦး ဖျားနာမှုဖြစ်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာတော့ လေးကေကော် ထီးမယ်ဝါးခီး ဖလူးစတဲ့ဒေသ အနီးတစ်ဝိုက်တွေမှာ တိုက်ပွဲတွေငြိမ်သက်နေပေမယ့် စစ်ဘေးရှောင်တွေကတော့ နေရပ် ပြန်နိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.