ဘန်ကောက်၊ ဇန်နဝါရီ ၁၃

ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာသည် ထိုင်းလက်ဝှေ့ ‌(မွေထိုင်း) ကစားနည်းကို မြှင့်တင်ပြီး  ထိုင်းနိုင်ငံ၏ ယဥ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ လွှမ်းမိုးနိုင်စွမ်းများဖြင့် နိုင်ငံတကာနှင့်ဆက်ဆံ‌ရေးအား တိုးမြှင့်ဆောင်ရွက် နိုင်ရန်အတွက် အစီအမံထားရှိသည်။ 

ထိုင်းနိုင်ငံ ယဥ်‌ကျေးမှုဝန်ကြီးဌာန အကြံပေး၊ ကမ္ဘာ့အဆင့် မွေထိုင်းမဟာမိတ်အသင်း ဥက္ကဌ ထွန်ဟွာခွန် ထိဖိ ရာကျန်သည် ခရီးသွားကဏ္ဍနှင့် အားကစားရေးရာဝန်ကြီး၊ ဝန်ကြီး ဒီစတတေ့ ၏ အထွေထွေ အတွင်းရေးမှူး တို့နှင့် အင်္ဂါနေ့ က တွေ့ဆုံခဲ့ကြသည်ဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ 

မွေထိုင်းကို တန်ဖိုးမြှင့်တင်ရန်၊ လူငယ်များအကြား ဤကစားနည်းကို ရေပန်းစားအောင် မြှင့်တင်နိုင်ရန်နှင့် ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာတစ်ရပ်အဖြစ် ရေရှည်တွင် ‌ဤကစားနည်း၏ ဂုဏ်သတင်းကို ဆောက်တည်နိုင် ရန်အတွက် အစိုးရအဖွဲ့ထံသို့ တောင်းဆိုခဲ့သည်။ 

မစ္စတာ ထွန်ဟွာခွန် က မွေထိုင်းသည် ပြည်ပ လူအများကပင် စိတ်ဝင်စားကြသည့်အတွက် ဤကစားနည်း မှတဆင့် ထိုင်းနိုင်ငံအတွက် ဝင်ငွေကို ရှာဖွေနိုင်သည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါ ပုဂ္ဂိုလ်၏ ပြောကြားချက်တွင် အစိုးရအဖွဲ့သည် မွေထိုင်းအားကစားနည်းသင်ကြားရေးကျောင်းများ၊ ပြိုင်ပွဲများ၊ ထိုင်းလက်ဝှေ့နှင့် ပတ်သက်သည် စာအုပ်များနှင့် ပစ္စည်းကိရိယာများ စသဖြင့် သက်ဆိုင်ရာ ကစားနည်းအတွက် သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုပေးနိုင်သည့် ပလက်ဖောင်းတစ်ခုရှိသင့်သည်ဟု ပါရှိသည်။ 

ထိုင်းလက်ဝှေ့ကစားနည်းသည် လှုပ်ရှားမှုအတွက် လေ့ကျင့်ခန်းအဖြစ် အသုံးချနိုင်သောကြောင့် သက်ကြီးရွယ်လူအများအကြားတွင်လည်း မြှင့်တင်ဆောင်ရွက်နိုင်ပါလိမ့်မည်ဟု ယဥ်‌ကျေးမှုဝန်ကြီးဌာန အကြံပေး၊ ကမ္ဘာ့အဆင့် မွေထိုင်းမဟာမိတ်အသင်း ဥက္ကဌ မစ္စတာ ထွန်ဟွာခွန် က ပြောကြားခဲ့သည်။ 

စာသင်ကျောင်းအားလုံးတွင် မွေထိုင်းသင်ရိုးကို မိတ်ဆက်သင်ကြားရန်၊ မွေထိုင်းပွဲတော်ပြုလုပ်၍ ကိုယ်ခံ ပညာကို မြှင့်တင်ပြီး ပြည်တွင်းစီးပွားရေးကို ပြန်လည်အားဖြည့်နိုင်ရန်အတွက်လည်း အဆိုပါပုဂ္ဂိုလ်မှ အစိုးရ အဖွဲ့ထံသို့ တောင်းဆိုခဲ့သည်။

ထိုအစီအမံအတွက် ခရီးသွားကဏ္ဍနှင့် အားကစား၊ ကူးသန်း‌ရောင်းဝယ်ရေး၊ နိုင်ငံခြားနှင့် လုပ်သား ဝန်ကြီးဌာနစသည့် အစုအဖွဲ့အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်ဟု မစ္စတာ ထွန်ဟွာခွန် က ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.