မော်လမြိုင် ၊ ဇန်နဝါရီ (၆)

ဘဝရပ်တည်ရေးအတွက် ခက်ခဲနေတဲ့ကြားမှ စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူတွေနဲ့အတူ အဆုံးထိ တွန်းလှန်သွားမယ်လို့ မွန်ပြည်နယ်မှ CDM ဝန်ထမ်းတွေက ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါတယ်။

စစ်အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကို ရပ်တန့်ဖို့ အဓိကဒေါက်တိုင်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ မွန်ပြည်နယ်က အစိုးရဝန်ထမ်း ထောင်နဲ့ချီ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းအများစုကို စစ်ကောင်စီက ရာထူးတာဝန်ကနေ ထုတ်ပယ်ခဲ့ပြီး အစိုးရပိုင် နေအိမ်လိုင်းခန်းတွေကနေ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ နှင်ချခဲ့ပါတယ်။

အလုပ်လက်မဲ့ ဖြစ်သွားတဲ့ CDM ဝန်ထမ်းတွေဟာ တော်လှန်ရေး ကာလရှည်ကြာလာတာနဲ့အမျှ ဘဝရပ်တည်ရေးအတွက် ခက်ခဲလာကြပါတယ်။

ဒါကြောင့် CDM ဝန်ထမ်းတွေဟာ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းတာ၊ ဆိုင်ကယ် ကယ်ရီဆွဲတာ၊သန့်ရှင်းရေးဝင်လုပ်တာ၊အလှပြင်ဆိုင်မှာ အချိန်ပိုင်းဝင်လုပ်တာအပြင် နေ့စား အလုပ်တွေ လုပ်ပြီး ဝမ်းရေးပြဿနာကို ဖြေရှင်းခဲ့ကြပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကြပ်တည်းမှုတွေကြောင့် ပုံမှန်ဝင်ငွေ ရဖို့ပင် မလွယ်ကူတဲ့ အခြေအနေကို CDM ဝန်ထမ်းတွေ ရင်ဆိုင်နေရပါတယ်။

ရှေ့ဆက်ဘဝရပ်တည်ဖို့ အခုလို အခက်အခဲတွေ ရှိနေပေမယ့်လည်း စစ်အာဏာရှင် ကျဆုံးရေးအတွက် ပြည်သူတွေနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ CDM ဝန်ထမ်းတစ်ဦးက အခုလို ခိုင်ခိုင်မာမာ ပြောပါတယ်။

“ဒီနိုင်ငံရေး အခြေအနေပြီးတဲ့အထိ တစ်နှစ်တန်တန်၊ နှစ်နှစ်တန်တန် လုပ်ငန်းခွင်ပြန်ဝင်ဖို့က မရှိဘူး။ဒီတိုင်း အကုန်လုံး ပြည်သူနဲ့တစ်သားတည်း ရင်ဆိုင်သွားမယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှု အစောပိုင်းမှာတော့ CDM ဝန်ထမ်းတွေကို ကူညီထောက်ပံ့သူတွေက လစဥ် ထောက်ပံ့ကြေးငွေ အနည်းငယ် ပေးခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှလည်း ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ CDM ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေး တစ်မြို့နယ်ကို ကျပ်သိန်း (၂၀) ပေးခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ CDM ဝန်ထမ်းတွေကို ထောက်ပံ့မယ့်သူ မရှိတော့တဲ့အတွက် ဝင်ငွေမရှိတော့တဲ့ ပြဿနာကို အကြီးအကျယ်ရင်ဆိုင်ခဲ့ရပြီး အချင်းချင်း ကူညီဖေးမနေရတယ်လို့ CDM ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။

“သူတို့ နည်း သူတို့ဟန်နဲ့ပဲ ဖြေရှင်းရတော့မယ်လေ၊ ဘယ်လိုမှ လုပ်လို့မရဘူး။အကုန်လုံးက ကိုယ့်ဒုက္ခနဲ့ကိုယ်ပဲဆိုတော့ နီးစပ်ရာတော့ နီးစပ်သလို ကူညီပေးကြရတာပဲ၊ အချင်းချင်း ချေးငှားပေး၊ပံ့ပိုးပေး အဲဒီလောက်တော့ ရှိတယ်။CDM အတွက် ဆိုပြီး သီးသန့်ထောက်ပံ့မှုတွေ ဒီကြားထဲမှာ မရှိတော့ဘူး”လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော် ရှိနေတာ ဖြစ်ပါတယ်။

အချိုးအားဖြင့်ဆိုရင် အဲ့ဒီအထဲမှာ မီးရထားဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.