ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ လူဦးရေထောင်နှင့်ချီ၍ ထိုင်းနိုင်ငံ၊ တာခ့်ဒေသန္တရ မဲဆောက်ခရိုင်အတွင်း အစုအလိုက်အပြုံလိုက် ထွက်ပြေးခိုလှုံရခြင်းများ မထင်မှတ်ပဲ ဖြစ်ပေါ်လာခဲ့သည်။

ဤအဖြစ်အပျက်မတိုင်ခင်တွင် ယခုနှစ် ခြောက်သွေ့ရာသီ နိုဝင်ဘာလက အကုန်နှင့် ဧပြီလ နှောင်းပိုင်း အတွင်း အထူးသဖြင့် KNU ကရင့်အမျိုးသားအစည်းအရုံးအပါအဝင် မြန်မာစစ်တပ်မှ တိုင်းရင်းသားအဖွဲ့ အစည်းများကို ဖိနှိပ်ရေးအတွက် ဦးတည်သည့်  ပြင်းထန်သောထိုးစစ်ဆင်မှု လုပ်ဆောင်နိုင်မည်ဟူသော ထင်မြင်သုံးသပ်ချက်တစ်ခုအား ထိုင်းလုံခြုံရေးကဏ္ဍရှိ မြောက်များစွာသော အေဂျင်စီများ၊ နယ်စပ် တလျှောက်ရှိ ကျေးရွာခေါင်းဆောင်များ၊ KNU ကရင့်အမျိုးသားအစည်းအရုံးမှ စစ်ရေးဆိုင်ရာ ခေါင်းဆောင် များအကြား မျှဝေလာခဲ့ကြသည်။ 

ယခုနှစ်အစောပိုင်းကတည်းက မြန်မာစစ်တပ်သည် KNU နယ်နိမိတ်များအတွင်း လေကြောင်းတိုက်ခိုက်မှု များကို ဆောင်ရွက်လာခဲ့ခြင်းကြောင့် ထောင်နှင့်ချီသော ရွာသူရွာသားများသည် သံလွင်မြစ်အနီးရှိ သစ်တော ဧရိယာများအတွင်း၌ ပုန်းခိုနေထိုင်ရသည်အထိ ဖြစ်ပျက်စေခဲ့သည်။ 

“အတွင်းပိုင်း လူ‌တွေရဲ့ပြောကြားချက်အရ ယခု ခြောက်သွေ့ရာသီမှာ ထိတွေ့တိုက်ခိုက်မှုတွေ တစစ ကျယ်ပြန့်လာပြီးတော့ အခြေအနေတွေ ပိုမိုဆိုးရွားသွားသည်အထိ မြင်တွေ့ရနိုင်ပါတယ်”ဟု KNU အစည်း အရုံး၏ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA  မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က Transborder News သတင်းဌာနသို့ ပြောကြားခဲ့သည်။  

ဗိုလ်ချုပ်ကြီး၏ ပြောကြားချက်တွင် “ကျွန်ုပ်အထင် မြန်မာစစ်တပ်မှ ကျွန်ုပ်တို့ကို သေချာပေါက် ဖြိုခွင်းမှာပါ။ အတိုက် အခံအစုအဖွဲ့တွေကို စုံစမ်းထောက်လှမ်းခြင်းကို သူတို့ စလုပ်လိမ့်မယ်၊ ပြီးတော့ နှိမ်းနှင်းရေး အတွက် ဘယ် အဖွဲ့အစည်းတွေကို ဦးစားပေးဆောင်ရွက်မလဲဆို သတ်မှတ်မယ်” ဟုပါရှိသည်။ 

“မြန်မာစစ်တပ်က တစ်ချိန်တည်းမှာ အစုအဖွဲ့အားလုံးကို နှိမ်နင်းတာမျိုးတော့ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းသီးသီးရဲ့ အင်အားနဲ့ ပြည်သူ့လူထုကိုယ်စားပြုတဲ့ အစုအဖွဲ့တွေရဲ့ ပါဝါကို သူတို့ သုံးသပ်မယ်၊ ပြီးတော့ ဘယ်အဖွဲ့ကို ပထမဦးဆုံး နှိမ်နင်းရမလဲကို ထပ်ပြီးဆန်းစစ်မယ်” 

“သူတို့တွေက လူတွေကို အကြမ်းဖက်ဖို့ မြေလှန်ရှာဖွေ‌ရေးတွေလုပ်လာနိုင်ပါသေးတယ်” 

“မြန်မာစစ်တပ်က ဘာအစီအစဥ်မှ မရှိပါဘူး။  သူတို့တွေက လက်ရှိအနေအထားကို မကျေမချမ်းနိုင်တာမျိုး ဖြစ်နေကြမှာပါ” ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

ဗိုလ်ချုပ်ကြီးဘောကျော်ဟဲပြောကြားသည့် လက်ရှိအနေအထားဆိုသည်မှာ နိုင်ငံရေးအရ ဆန့်ကျင်ကြသူများ အပါ အဝင် မြောက်များစွာသော လက်နက်ကိုင် အစုအဖွဲ့များမှ စစ်အစိုးရတော်လှန်ဖို့ လက်နက်ကိုင်ဆောင် ထားသည့် အခြေအနေကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ 

မကြာသေးမီက မြန်မာစစ်တပ်သည် တာ့ခ်၊ မဲဆောက်ခရိုင်နှင့် တဆက်တည်းဖြစ်နေသော မြဝတီမြို့ရှိ  KNU တပ်မဟာ ၆ ကို တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ပြီး ထိုလုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်သည် ၎င်း၏ စစ်ပွဲကို ထိုနေရာမှ စတင်ရန် ဘာကြောင့်ဆုံဖြတ်ခဲ့သနည်းဟူ၍ မေးခွန်းများစွာ ထွက်ပေါ်လာလျှက်ရှိသည်။ 

မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေး အချက်အချာမြို့တစ်မြို့ဖြစ်ပြီး အတိတ် ကာလတွင် ကရင်တို့၏ အမာခံနယ်မြေဖြစ်ခဲ့သည်။ 

သို့‌‌သော် KNU နှင့် မြန်မာစစ်တပ်အကြား ကာလရှည်ကြာစစ်ပွဲအပြီး နောက်ပိုင်း ကရင့်တပ်ဖွဲ့၏ အစိတ် အပိုင်းများကို နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရန် အားပေးလုပ်ဆောင်မှုအနေဖြင့် ခွဲဝေအုပ်ချုပ်ရေး ဆိုင်ရာ ချဥ်းကပ်မှု (Divide and Rule Approach) ကို အသက်သွင်းခဲ့သည်။ 

အခြေခံအားဖြင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းတစ်မှ မြန်မာစစ်တပ်နှငင့် မဟာမိတ်ပြုထားသည့် တပ်စုတစ်စု အသွင်သို့ပြောင်းလဲစေခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းကရင်စစ်သားများ (BGF တပ်ဖွဲ့ဝင်များ) သည် အဓိက အားဖြင့် ဘဏ္ဍာ‌ရေးဆိုင်ရာအပေးအယူအပါအဝင် အခွင့်ထူးများကို ခံစားခွင့်ရရှိပြီ ဖြစ်သည်။ 

လွန်ခဲ့သော နှစ်အနည်းငယ်များအတွင် မြဝတီမြို့သည် အလျင်အမြန်ဖွံ့ဖြိုးလာခဲ့သည်။ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များ၏  ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ဟိုတယ်များ၊ စီးပွားရေးဆိုင်ရာ ‌အဆောက် အအုံများ၊ ဖျော်ဖြေရေးခန်းမများ ပါဝင်သော ကာစီနိုများ မြောက်များစွာ ပေါ်ထွက်လာခဲ့သည်။ 

မြန်မာစစ်တပ်မှ ‌သောင်ရင်းမြစ် (မွေမြစ်) ကြောင်းတလျှောက် ဧရိယာကို ရွှေကုက္ကိုလ် အထူးစီးပွားရေး ဇုန်အဖြစ်ပြောင်းလဲရန် တရုတ်နိုင်ငံသားရင်းနှီးမြှုပ်နှံသူများထံသို့ ပေးအပ်ခဲ့ပြီး အဆိုပါ အထူးအခွင့်အရေး များမှ BGF ၏ အစိတ်အပိုင်းဖြစ်လာခဲ့သော ကရင်ခွဲထွက်အဖွဲ့ သည်အကျိုးခံစားခွင့်များ ကို ရရှိလာခဲ့သည်။ 

ဤဧရိယာအတွင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ခါးပတ်တစ်ကွင်း လမ်းတစင်း၏ အစိတ်အပိုင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆနိုင်ပြီး များမကြာမီ ထို့မြို့တော်အတွင်း တရုတ်နိုင်ငံမှ လူများ လွှမ်းမိုးသွားနိုင်ပါလိမ့်မည်။ 

တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ရောက်ရှိလာသည့်အတွက် ထိုနေရာတွင် လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ မြင့်တက်လာခဲ့ပြီး သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းအပါအဝင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များကို ဖွံ့ဖြိုး‌ဆောင်ရွက်ရန် တွန်းအားတစ်ရပ် ဖြစ်လာ ခဲ့သည်။ 

ဤအချင်းအရာသည် ထိုင်း-မြန်မာနယ်စပ်အကြား သံလွင်မြစ်ကို ထိန်းချုပ်ထားသည် KNU တပ်မဟာ ၅ ကို မြန်မာစစ်တပ်မှ စစ်ပွဲစတင်ဆင်နွှဲရခြင်း အကြောင်းအရင်းဖြစ်သည်။ 

ထိုဧရိယာကို ရယူခြင်းသည် စစ်ခေါင်းဆောင်၏ ဆည်စီမံကိန်းအပေါ် ထိန်းချုပ်လိုသည့်အခြေအနေကို သေချာစေနိုင်မည်။ 

လက်ရှိတွင် ယူအမ်-သံလွင်မြစ် (Yuam-Salween) ရေများကို ဘူမိဘောဆည်အတွင်းသို့ လမ်းကြောင်း ပြောင်းနိုင်ရန် ဥမင်များကို ဆောက်လုပ်ဖို့ ရန်ပုံငွေပေးအပ်မည်ဟု အဆိုပြုထားသော တရုတ်နိုင်ငံသား စီးပွားရေးသမားတစ်စုသည် ယင်းတို့အနေဖြင့် သံလွင်မြစ်အပေါ် ဆည်များဆောက်လုပ်ရန် အတည်ပြုချက် ရဖို့ မြန်မာ စစ်တပ်နှင့် ညှိနှိုင်းနေသည်ဟု ထိုင်း PPRP ပါတီ၊ နခွန်ဆဝန် ခရိုင်ဒေသန္တရ ကိုယ်စားပြု ပါလီမန် အမတ် ဝါရင့်နိုင်ငံရေးသမား ဗီရာကွန် ကမ်ဖရာကော့ဘ် (Veerakorn Kamprakob) သို့ ပြောကြားခဲ့သည်။ 

သိသာစွာပင် မြန်မာစစ်တပ်အနေဖြင့် ၎င်း အဆိုပြုချက်နှင့်ပတ်သက်ပြီး ပြဿနာတစုံတရာ မရှိပေ။ 

ယခုအခါတွင် မြဝတီမြို့အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ရှုပ်ထွေးသော အကြောင်းပြချက်များ၏ အစိတ်အပိုင်းဖြစ်လာပြီး ၎င်းအကြောင်းပြချက်များသည် မြန်မာစစ်တပ်နှင့် KNU အကြား တိုက်ပွဲများ ဖြစ်ပေါ် လာရခြင်း အခြေအနေကို ထင်ဟပ်နေသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် လူအများသည်ဆန့်ကျင်ဆန္ဒပြခဲ့ ကြပြီး အများစုသည် စစ်တပ်၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်လာခဲ့ကြသည်။ 

၎င်းတို့အနက်အချို့သည် ကျောင်းသားများနှင့် လူငယ်များသာဖြစ်ကြပြီး အခြေခံ စစ်ပညာသင်တန်းတက် ရောက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ နောက်ပိုင်းတွင် ပြည်သူ့ ကာကွယ်ရေး (PDF) တပ်များကို ဖွဲ့စည်းခဲ့ကြသည်။  

KNU တပ်မဟာ ၆ ထိန်းချုပ်မှုအောက်တွင်ရှိသော ထိုဧရိယာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အဓိက သင်တန်းမြေပြင်များအနက် တစ်ခုဖြစ်ပြီး ထိုအချက်ကို မြန်မာစစ်တပ်အနေဖြင့် သိရှိနားလည်သည့် အပြင် တပ်မဟာ ၆ သည် စစ်တပ်၏ နှိမ်နင်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုအတွက် ပထမဆုံး ပစ်မှတ် ဖြစ်လာခဲ့သည်မှာ အံ့အားသင့်စရာမရှိပေ။ 

ယခုအချိန်တွင် ပဋိပက္ခဖြစ်ပွားရာမှ သောင်းနှင့်ချီသော လူများ ထွက်ပြေးတိမ်းရှောင်လာမည့် အခြေအနေ သည် ကျွန်ုပ်တို့ မျှော်လင့်ထားသလိုဖြစ်လာနိုင်ပြီး အများစုသည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံဖို့ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကြပါလိမ့်မည်။ 

သို့သော်ငြားလည်း လူအများစုသည် ယင်းတို့၏ ဇာတိမြေအနီးရှိ တောများ သို့မဟုတ် မြစ်နံဘေးများတွင် ပုန်းအောင်းနိုင်ပြီး ထိုနေရများတွင် အစာရေစာနှင့် အကူအညီအထိအတွေ့ပြတ်လပ်မှုများ ဖြစ်ပေါ်လာ နိုင်မည်။ 

ပိုမို ချမ်းအေးလာသော ရက်များနှင့် ညအခါ အပူချိန်ကျဆင်းခြင်းနှင့်အတူ စစ်ဘေးဒုက္ခသည်များအနေဖြင့် အဝတ်အစားနှင့် ခြုံစောင်မလုံလောက်မှုများ ကြုံတွေ့နိုင်ပြီး ဆေးကုသမှုခံယူရသည့်အထိ ပြင်းထန် ဖျားနာမှု ကို ကြုံတွေ့ရနိုင်သည်။ 

ထိုဒေသအတွင်းဖြစ်ပွားလျှက်ရှိသော ပဋိပက္ခ မကြာမီပြီးဆုံးရန်အတွက် အခွင့်အလမ်း နည်းပါးသည်ဟု ထင်မြင်ရပါသည်။ 

ဤတောအတွင်း ကရင်လူမျိုးများသည် ပိုမို၍ ခက်ခဲသော ဒုက္ခကို သေချာပေါက်ကြုံတွေ့ရမည်။ ၎င်းသည် ကျွန်ုပ်တို့၏ နယ်ခြားမျဥ်းအတွက် သေရေးရှင်ရေးတမျှဖြစ်သော အခြေအနေတစ်ခုဖြစ်ပါသည်။ 

WWW.TRANSBORDERNEWS.IN.TH ကို တည်ထောင်သူ၊ သတင်းထောက် PASKORN JUMLONGRACH ၏ ဆောင်းပါကို အောင်မျိုးမြတ် ဘာသာပြန်ဆိုသည်။  

ဘာသာပြန်ဆိုသူမှတ်ချက်မူရင်းစာမူတွင် မတရားအာဏာသိမ်းစစ်တပ်ကို (မြန်မာအဓိပ္ပါယ်မြန်မာစစ်အစိုးရ) ဟူ၍ အဓိပ္ပါယ်ဆန်သော အသုံးအနှုန်းများ သုံးစွဲထားသည်ကို တွေ့ရသည်။ မိမိအနေ ဖြင့် တော်လှန်ရေးနှင့်အတူ တသားတည်းရပ်တည်သည့်အတွက် မူရင်းနာမ် မြန်မာစစ်အစိုးရ အစား မြန်မာစစ်တပ်ဟူသာ ထည့်သွင်း၍ ဘာသာပြန်ဆိုပါသည်။ အရေးတော်ပုံ အောင်ရမည်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.