ဖနွမ်ပင်၊ ဒီဇင်ဘာ ၂၅

ကမ္ဘောဒီးယားနိုင်ငံ၏ ကာလရှည် အာဏာရပါတီသည် ဝန်ကြီးချုပ် ဟွန်ဆန်း၏ အကြီးဆုံးသားကို အနာဂတ် ဝန်ကြီးချုပ်အဖြစ် ထောက်ခံရန် ဆန္ဒမဲပေးခဲ့ပြီးနောက် နိုင်ငံ့အာဏာကို ၃၆ နှစ်ကျော်ကြာ ရယူထားသည့် သူ၏ ဖခင်နေရာတွင် မည်သည့်ကာလ၌ တာဝန်ယူမည်ဟူသော အချိန်ကန့်သတ်ချက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

ကမ္ဘောဒီးယား လူထုပါတီ၏ ထုတ်ပြန်ချက်တွင် ဗဟိုကော်မတီသည် အသက် ၄၄ နှစ်အရွယ် မစ္စတာ ဟွန်မနတ် (Hun Manet) အား အနာဂတ်ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း အဖြစ် တညီတညွတ် တည်း အတည်ပြုထောက်ခံခဲ့သည်ဟု ပါရှိသည်။ 

ကမ္ဘာ့သက်တမ်းအရှည်ဆုံးခေါင်းဆောင်များအနက်တစ်ဦးဖြစ်သည့် အသက် ၆၉ နှစ်အရွယ် မစ္စတာ ဟွန်ဆန်သည် သူ၏ နေရာကို ဆက်ခံမည့်သူကို ထောက်ပံ့ပေးမည်ဟု ယခုနှစ်အ‌စောပိုင်းတွင် ပြောဆိုခဲ့ ပြီး သူ့အနေဖြင့် မည်သည့်အချိန်တွင် ပင်စင်ယူမည်ကို ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။

ကမ္ဘောဒီးယားတွင် အဓိက အတိုက်အခံပါတီကို ဖျက်သိမ်း၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြိုခွင်းခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှ စတင်ကာ တစ်ပါတီ အစိုးရမှ အာဏာရရှိလာခဲ့သည်။ 

ရိုက်တာသတင်းဌာနအနေဖြင့် အဆိုပါကိစ္စအတွက် ဝန်ကြီးချုပ်ဟွန်ဆန်၏ ရုံးသို့ ဒီဇင်ဘာလ ၂၄ ရက် နေ့၌ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပေ။ 

မစ္စတာဟွန်ဆန်သည် နောက်လာမည့် ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင် ခြင်းရှိ/မရှိကိုလည်း ရှင်းလင်းပြောကြားထားခြင်း မရှိပေ။

မစ္စတာ ဟွန်မနတ် (Hun Manet) သည် ကမ္ဘောဒီးယားတော်ဝင်တပ်မတော်၏ လက်ထောက် တပ်မှူး ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် United States Military Academy, West Point မှ ဘွဲ့ရခဲ့သော လက်ရှိ ကမ္ဘောဒီးယား၏ ပူးတွဲစစ်ဦးစီးချုပ်ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.