ဘန်ကောက်၊ ဒီဇင်ဘာ ၂၄

အိုမီခရွန်ကူးစက်မှုဖြစ်စဥ်များ တစ်ဟုန်ထိုး မြင့်တက်လာမှုကြောင့် နှစ်သစ်ကူးကို အမှတ်ရစေရန် ဘန်ကောက်မြို့အတွင်း ပြင်ဆင်ထားရှိသည့် ပွဲတော်များအားလုံးကို ပယ်ဖျက်လိုက်ပြီဟု မြို့တော်ခန်းမမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှ ကျင်းပရန် စီစဥ်ထားသည့် နှစ်သစ်ကူးပွဲတော်များကိုမူ တင်းကြပ် သော ကြိုတင်ကာကွယ်မှု အစီအမံများအောက်တွင် ကျင်းပဖို့ ခွင့်ပြုထားသည်ဟု သိရသည်။

CCSA ဥက္ကဌ၊ အမျိုးသားလုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် ဆူပွတ်မလာနီယမ်က CCSA အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ ကျင်းပရန်ရည်ရွယ်ထားသော ၎င်းတို့အစီအစဥ်များကို ဆက်လက် ကျင်းပရန် အတွက် ခွင့်ပြုထားသော်လည်း ခွင့်ပြုချက်ကို ကနဦးတောင်းခံရမည်ဟု ပြောကြားခဲ့သည်။  

ဗိုလ်ချုပ်ဆူပွတ်၏ ပြောကြားချက်တွင် “မြို့ တော်ခန်းမနှင့် အခြားသော ခရိုင်/‌ဒေသန္တရရှိ အာဏာပိုင်များမှ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြိုတင်ကာကွယ်မှုအစီအမံများနှင့်အတူ တင်းကြပ်စွာ လိုက်နာဆောင်ရွက်ဖို့ ဖိအားပေးဆောင်ရွက်သွားမှာပါ”ဟု ပါရှိသည်။ 

မြို့တော်ခန်းမအနေဖြင့် သူတို့ရဲ့ အစီအစဥ်များအားလုံးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်တာဟာ CCSA ရဲ့ မူဝါဒနဲ့ မသက်ဆိုင်ပါ”ဟု အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

ဘန်ကောက်ခရိုင်ဒေသန္တရ ဒုတိယအုပ်ချုပ်ရေးမှူး Kriengyos Sudlapha ၏ ယမန့် ပြောကြားချက်တွင် ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ (BMA – Bangkok Metropolitan Administration) အနေဖြင့် မြို့တော်အတွင်း တရားဝင်ခွင့်ပြုထားကာ စီစဥ်ထားပြီဖြစ်သော နှစ်သစ်ကူးပွဲတော်များကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခြင်းသည် လုံခြုံစိတ်ချမှုအရှိဆုံး ‌ရွေးချယ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် အိုမီခရွန်နှင့် ဆက်စပ်သော ကူးစက်မှုဖြစ်စဥ်များ ရုတ်ချည်း မြင့်တက်လာမှုကို မှန်းဆထားနိုင်ခဲ့ပြီး နိုင်ငံများသည် နှစ်သစ်ကူးအားလပ်ရက် ကျင်းပမှုများကို ဆိုင်းငံ့ထားသင့်သည်ဟူသော ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပေးချက်ကို လိုက်နာဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

မြို့တော်ခန်းမအနေဖြင့် နှစ်သစ်ကူးကြိုဆိုပွဲအဖြစ် တစ်ညတာဆုတောင်းပွဲ အခမ်းအနားနှင့် နှစ်သစ်ကူးနေ့ မနက်ခင်းတွင်  မြို့တော်ခန်းမ၏ အများပြည်သူပန်းခြံ Larn Khon Muang ၌ ကျင်းပမည့် သံဃာတော် များအား အာရုံဆွမ်းကပ်လှူပွဲကို ကျင်းပရန် စီစဥ်ထားခဲ့ပြီး ယခုအခါတွင် ပယ်ဖျက်လိုက်ပြီး ဖြစ်သည်။ 

အခြားသော ခရိုင်ခွဲများတွင်လည်း ဘာသာရေးအခမ်းအနားများကို ကျင်းပနိုင်ခြင်းမရှိတော့ပေ။ 

ဘန်ကောက်မြို့၏ ပြက္ခဒိန်တွင် အဓိကကျသော နှစ်သစ်ကူးကြိုဆိုပွဲ ပါတီ နှစ်ခုသာ ကျန်ရစ်ပြီး တစ်ခုကို အိုင်ကွန်ဆိုင်ယန်နှင့် နောက်တစ်ခုကို Central World ၌ ကျင်းပသွားမည်ဖြစ်သည်။ 

Mr Kriengyos က မြို့ ‌တော်ခန်းမက ခွင့်ပြုထားသော သီးခြားစုဝေးမှုအားလုံးကို ဆက်လက်ကျင်းပနိုင်မည် ဖြစ်သော်လည်း ပွဲစီစဥ်သူများသည် ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့နှင့် အစိုးရ၏ ရောဂါထိန်းချုပ်ရေး ညွှန်ကြားချက်များကို လေးစား လိုက်နာရမည်ဟု ‌ပြောခဲ့သည်။ 

လူထူအနေဖြင့် အားလပ်ရက်များအတွင်း ကြီးမားသော လူစုလူဝေးများးကို ရှောင်ရှားကြဖို့ အဆိုပါ ပုဂ္ဂိုလ်မှ အကြံပြုထားခဲ့သည်။ 

CCSA ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် အိုမီခရွန်စတင်တွေ့ရှိချိန် ဒီဇင်ဘာ ၆ ရက်နေ့ကတည်းကဆို လျှင် ဆက်စပ်ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားနိုင်သည့် ဖြစ်စဥ်မှာ ၁၀၄ ဦးအထိ ရှိလာခဲ့ပြီ ဟုပါရှိသည်။  

Rightman ကုမ္ပဏီ၊ ပွဲတော်ကျင်းပကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဌ Upathum Nisitsukcharoen က နှစ်ကူး အခမ်းအနားတွေကို ပယ်ဖျက်ဖို့အတွက် BMA ၏ ဆုံးဖြတ်ချက်က အခွန်ငွေ ဘတ် ၅၀၀မှ ၆၀၀ မီလီယမ် အထိ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံအတွင်း လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ်မှာ ၂၉၄၀ ဦးအထိရှိခဲ့ပြီး သေဆုံးမှုမှာ ၃၀ ဦးထိရှိခဲ့သည်။ ထိုကူးစက်ခံရသော လူနာများအနက် ၂၈၈၇ ဦးသည် အထွေထွေဆေးရုံများ တွင် ‌ဆေးကုသမှုခံယူနေပြီး ၅၃ ဦးမှာ ထောင်အတွင်းရှိ အကျဥ်းသားများဖြစ်ကြသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.