မော်လမြိုင် ၊ ဒီဇင်ဘာ (၂၅)

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ ကြံ့ခိုင်ရေးပါတီက ပါဝင် ပတ်သက်လာတယ်လို့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ ပြည်နယ်၊ခရိုင်၊မြို့နယ်တွေက ပါတီခေါင်းဆောင်တွေဟာ အခုနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ကိစ္စရပ်တွေ ဖြစ်တဲ့ အစည်းအဝေးတွေ၊ ရပ်ရွာလုံခြုံရေး အပါအဝင် အမိန့်ညွှန်ကြား ထုတ်ပြန်ရာမှာ အကြံဉာဏ်ပေးတာ၊ ပူးပေါင်း ပါဝင်ဆောင်ရွက်တာတွေ ဆက်တိုက် လုပ်ဆောင်လာပါတယ်။

လက်ရှိမှာတော့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေကို ဌာနဆိုင်ရာတွေအနေနဲ့ ပြုလုပ်တဲ့ ပွဲတိုင်းကို မဖြစ်မနေ ဖိတ်ကြားပေးနေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေးပါတီ အကြီးအကဲတွေက ဌာနဆိုင်ရာရုံးတွေအပေါ် ပိုမို စိုးမိုးလာသလို နေရာတိုင်းမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဝန်ထမ်းတွေအကြားမှာလည်း ဝေဖန်မှုတွေရှိနေတယ်လို့ ရုံးတက်နေတဲ့ ဦးစီးအရာရှိ တစ်ဦးက ပြောတယ်။

ကြံ့ခိုင်ရေးပါတီကတော့ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံမှုပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိဖို့အတွက် တာဝန်ရှိသူတွေအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကြံ့ခိုင်ရေးပါတီ ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းကို စစ်ကောင်စီက မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ဒီဇင်ဘာလ (၂၃)ရက်နေ့က တွေ့ဆုံခဲ့ကြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.