မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄)

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မီးလင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈ သိန်းကျော် တကျော့ပြန် ပြန်လည် မြင့်တက် လာတယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးနဲ့ ဘတ်ဈေးတွေ မြင့်တက်ပြီး မတည်ငြိမ်တာ၊ ကမ္ဘာ့ရွှေဈေး မြင့်တက်နေတာနဲ့ မြန်မာ့ငွေကြေး တန်ဖိုး ကျဆင်းနေလာတာကြောင့် ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီရွှေဈေးနှုန်း တရုတ်နှစ်သစ်ကူး ကာလအထိ ဆက်လက် မြင့်တက် လာနိုင်တယ်လို့ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေဈေးနှုန်းဟာ ဒေါ်လာဈေး နဲ့ ကမ္ဘာ့ရွှေဈေး အပေါ် အခြေခံတာကြောင့် ဒေါ်လာဈေးကို ထိန်းချုပ်နိုင်မှသာ မြန်မာ့ရွှေ ဈေးကွက် တည်ငြိမ်မှာ ဖြစ်ပြီး၊ ဒေါ်လာဈေး မထိန်းချုပ် နိုင်ရင် ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

အရင် NLD အစိုးရ လက်ထက်က ရွှေဈေးဟာ (၁၃)သိန်း ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရွှေဈေး စံချိန်တင် မြင့်တက်မှုတွေ ရှိခဲ့သလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း မြင့်တက်နေလို့ ဈေးကွက်အတွင်း အရောင်းအဝယ် နည်းနေသလို ဝယ်ယူစုဆောင်မှု ထက်ဝက်နီးပါး ကျဆင်းနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးတွေ မြင့်တက်ခဲ့တဲ့ အတွက် ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလတွေတုန်းက ကျပ် ၂၂ သိန်းထိ စံချိန်တင် မြင့်တက်ခဲ့ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.