ဘန်ကောက်၊ ဒီဇင်ဘာ ၂၂

ဆိုင်းငံ့လိုက်ပြီဖြစ်သည့် Test and Go အစီအစဥ်မှတဆင့် ကွာရန်တင်းလိုအပ်ချက်မရှိဘဲ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ရရှိထားသည့် ခရီးသည် ၂၀၀,၀၀၀ ကျော်နှင့်ပတ်သက်သည့် အခြေအနေများကို ထိုင်းအစိုးရမှ တရားဝင်ရှင်းလင်းထုတ်ပြန်ခဲ့သည်။ 

ထိုထုတ်ပြန်ချက်အရ ကိုဗစ်အခြေအနေထိန်းချုပ်ရေးဗဟိုစင်တာ (CCSA) သည် Test and Go အစီအစဥ်ကို ဗုဒ္ဓဟူးနေ့မှစ၍ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သော်လည်း မကြာသေးမီက အတည်ပြုရရှိထားသူများအနေဖြင့် နိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင်သေးသည်ဟု သိရသည်။

ဝင်ရောက်ခွင့်ရရှိထားသည့် အရေအတွက်မှာ ၂၀၀,၀၀၀ ခန့်ရှိသည်ဟု ဒေါက်တာ ဆူမန်နီး က ပြောကြားခဲ့ သည်။ 

ခရီးသွားဧည့်သည်များသည် ဆိုက်ရောက်ချိန်တွင် RT-PCR ကို စစ်ဆေးပြီး ရောဂါဖြစ်ပေါ်ခြင်းမရှိပါက နိုင်ငံတဝှမ်းသွားရောက်နိုင်မည်။ 

သို့သော်ငြားလည်း ဟိုတယ်များသည် ခရီးသွားဧည့်သည်များ၏ ဆေးစစ်ချက်အဖြေ ထွက်ပေါ်မည့် အချိန်အထိ တည်းခိုမည့်အခန်းများကို သေချာအောင် စီစဥ်ဆောင်ရွက်ပေးရမည်ဖြစ်သည်။  ထို့အပြင် ဧည့်သည်များနှင့် ၎င်းတို့၏ နေရာထိုင်ခင်းများကို ဒေါက်တာချာနာ ဟု အမည်ရသော (MorChana)  အက်ပ်မှ တစ်ဆင့် နာရီပတ်လုံး ခြေရာခံမည်ဖြစ်သည်။ ခရီးသွားဧည့်သည်များ နိုင်ငံအတွင်းသို့ ရောက်ရှိပြီး ၅ ရက် ၆ ရက်အကြာ သို့မဟုတ် ကူးစက်ခံရသည့် ရောဂါလက္ခဏာများ စောလျင်စွာ ဖြစ်ပေါ်လာပါက (အခမဲ့) ဒုတိယမြောက် Covid-19 စမ်းသပ်မှုကို ခံယူရမည်ဖြစ်သည်။ 

ကောင်စစ်ဝန်ရေးရာဌာန၏ ဗုဒ္ဓဟူးနေ့ ကောက်ခံရရှိသော အချက်အလက်အရ သုဝဏ္ဏဘူမိလေဆိပ်သို့ ဧည့်သည် ၁၀၇၈၇ ဦးရှိပြီး ဖူးခက်လေဆိပ်သို့ ၂,၅၄၆ ဦး ရောက်ရှိလာကြောင်း ဒေါက်တာ Sumanee က ပြောသည်။ 

အစိုးရအနေဖြင့် ယခုလို ကိုဗစ် ၁၉ အခြေအနေနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၄ ရက်နေ့ ၌  ပြန်လည်သုံးသပ်မည်ဖြစ်သည်။ 

CCSA အနေဖြင့် ထိုင်းနိုင်ငံသားခရီးသွားဧည့်သည်များအတွက်လည်း သတ်မှတ်အတိုင်းအတာများကို ပြောင်းလဲထားခဲ့ပြီဖြစ်သည်။ 

ဒေါက်တာ Sumanee က အစိုးရအဖွဲ့အရာရှိများသည် အရေးကြီးကိစ္စမှအပ အခြားသောအခြေအနေ များတွင် ခွင့်ယူခြင်းနှင့် နိုင်ငံရပ်ခြား ခရီးထွက်ခြင်းကို တားမြစ်ထားသည်ဟု ပြောကြားခဲ့သည်။ 

လူထုအနေဖြင့် စီစဥ်ထားပြီးဖြစ်သည့် နိုင်ငံရပ်ခြားခရီးစဥ်များ အထူးသဖြင့် ဥရောပ၊ အမေရိက၊ အာဖရိက သို့မဟုတ် အရှေ့အလယ်အပိုင်းဒေသများသို့ သွားရောက်ခြင်းကို ရွှေ့ဆိုင်းထားကြရန် အကြံပြုထားပြီး လူအရေအတွက်များစွာဖြင့် ခရီးရှည်များ ထွက်ခွာခြင်းမတိုင်ခင်တွင် ပုံမှန်စစ်ဆေးနေကျအတိုင်း အာတီဂျင် စစ်ဆေးမှုကို ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့သည်။ 

ဒေါက်တာ Sumanee ၏ ပြောကြားချက်အရ အစိုးရ အဖွဲ့ဌာနများတွင်လည်း နှစ်သစ်ကူးအားလပ်ရက် ပြီးဆုံးလျှင် တတ်နိုင်သလောက် ဝန်ထမ်း အရေအတွက် အတော်များများကို အိမ်မှနေ၍ အလုပ်လုပ်ကြရန် ညွှန်ကြားထားပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.