ဘန်ကောက်၊ ဒီဇင်ဘာ ၂၁

ပဋိပက္ခဖြစ်ပွားနေသော ကရင်ပြည်နယ်ရှိ တိုက်ခိုက်မှုများမှ လွတ်မြောက်နိုင်ရန် ထိုင်းနိုင်ငံသို့ တိမ်းရှောင် လာသော မြန်မာဒုက္ခသည် ၃၀၀၀ ကျော်ဆီသို့ “အရေးပေါ် ဝင်ရောက်ခွင့်”ပေးဖို့ ထိုင်းနိုင်ငံကို ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီမှ တနင်္လာနေ့က တောင်းဆိုခဲ့ပါသည်။

ဖေဖော်ဝါရီလအတွင်း အစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာစစ်တပ်နှင့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည် ဟု ကြွေးကြော်ထားသော ကရင့်အမျိုးသားအစည်းအရုံးအကြား ထိတွေ့မှုများသည် လွန်ခဲ့သော သီတင်းပတ် အတွင်း ထိုင်းနယ်စပ်နှင့် မဝေးလှသည့် မြို့တစ်မြို့၌ ထွက်ပေါ်လာခဲ့သည်။ 

အချို့သော ဒုက္ခသည်ဦးရေ ၇၀၀ ခန့်သည် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုတို့အကြား လွတ်မြောက် ရန် ထွက်ပြေးကြရပြီး ကြာသပတေးနေ့က တာ့ခ်ခရိုင်အတွင်းသို့ မြစ်ကိုဖြတ်ကျော်၍ ဝင်ရောက်လာခဲ့သည်။

တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် တနင်္လာနေ့အထိ ကောက်ခံရရှိသော စာရင်းများအရ ဒုက္ခသည်ဦးရေအရေအတွက်မှာ ၃၉၀၀ အထိ ပျံ့နှံ့သွားခဲ့သည်ဟု UNHCR မှ ပြောကြားခဲ့သည်။ 

“UNHCR အနေဖြင့် အဆိုပါအရပ်သားများအရေးအတွက် စိုးရိမ်ပူပန်လျှက်ရှိပြီး ထိုင်းအာဏာပိုင်များအနေ ဖြင့်လည်း အကူအညီပေးနိုင်ရန်အတွက် ကမ်းလှမ်းခဲ့ပြီဖြစ်သည်။ UNHCR နှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများအနေဖြင့် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ကာကွယ်ရေးဆိုင်ရာ အရေးတကြီးအထောက်အကူများကို ဖြန့်ဝေပေးနိုင်ရန်  “အရေးပေါ်ဝင်ရောက်ခွင့်”ကို သေချာစိစစ်ဆောင် ရွက်ပေးဖို့ တောင်းဆိုထားပြီဖြစ်သည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

ခရိုင်/ဒေသန္တရ အာဏာပိုင်များ၏ တနင်္လာနေ့နှောင်းပိုင်း ပြောဆိုချက်တွင် ဒုက္ခသည်ဦးရေ ၃၅၀၀ ခန့်သည် ထိုင်းဘက်ခြမ်းရှိ နေရာနှစ်နေရာတွင်ကျန်ရှိနေသေးပြီး ပစ်ခတ်မှုများလျော့နည်းသွားသောကြောင့် ဒါဇင်နှင့် ချီသော ဒုက္ခသည်များ မိမိနေရပ်သို့ တဖွဲဖွဲပြန်သွားခဲ့ကြသည်ဟု ပါရှိသည်။ 

တာ့ခ်ခရိုင်/ဒေသန္တရ၏ ထုတ်ပြန်ချက်တွင် “ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံသို့ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်လိုသော ဒုက္ခသည်များကို သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ပို့ဆောင်ပေးနိုင်ရေးနှင့် လူသားချင်း စာနာမှုအထောက်အပံ့ပေးရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်”ဟု ပါရှိသည်။ 

သို့သော် ကရင်အမျိုးသမီးများအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး နော်ကညော်ဖော်က လူအများစုမှာ ကြောက်ရွံလျက်ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။ 

“အင်မတန်ကို ပြင်းထန်ပြီး အချို့ဧရိယာတွေမှာဆို တိုက်ခိုက်မှုတွေက ဖြစ်ပေါ်နေတုန်းပါပဲ။ (တာ့ခ်ခရိုင် ထုတ်ပြန်ချက်) အဲ့ဒါကတော့ ဒုက္ခသည်များရဲ့ ရင်ထဲက အမှန်တကယ်ခံစားချက်ကို ကိုယ်စားပြုမှာ မဟုတ်ပါ ဘူး”ဟု အဆိုပါပုဂ္ဂိုလ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

နေရပ်စွန့်ခွာဒုက္ခသည်များကို ခိုလှုံနေကြသည့် တာ့ခ်ခရိုင်/ဒေသန္တရ၊ မဲဆောက်ခရိုင်ခွဲနှင့် နယ်စပ်ဖြစ်သည့် မယ်ထော်သလေးကျေးရွာတွင် တနင်္လာနေ့က ထိတွေ့တိုက်ခိုက်မှုထပ်မံဖြစ်ပွားပြီးနောက် ဒုက္ခသည်ဦးရေ ၁၅၀၀ ခန့်ပါဝင်သော နောက်ဆုံးလှိုင်းလုံးကြီး ထပ်မံပေါ်ထွက်လာခဲ့သည်။  

“နယ်မြေအတွင်းမှာတော့ လက်နက်ကြီးပစ်ခတ်မှုရှိလာခဲ့ပါတယ် … KNU ကတော့ သူတို့အားလုံးကို (ဒုက္ခသည်) ပိုပြီးလုံခြုံတဲ့နေရာကို ရွှေ့ပေးဖို့အတွက် ကြိုးစားနေခဲ့တာပါ”ဟု ဒေသခံတစ်ဦးက AFP သို့ ပြောကြားခဲ့ပြီး ထောင်နှင့်ချီပြောင်းရွှေ့လာရသည့် လူအုပ်စုထဲတွင် ကလေးငယ်များလည်းပါဝင်ပြီး ပစ်ခတ်မှု များမှာ နာရီနှင့်ချီ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ပြေးလွှားနေခဲ့ရသည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

“ပစ်ခတ်တဲ့အသံတွေကတော့ ကျွန်တော်တို့နှင့် နီးနီးလေး၊ အသံတွေလည်းကြားနေခဲ့ရတယ်။ ဒါနဲ့ ထွက်ပြေး ဖို့ ကြိုးစားခဲ့တာပေ့ါလေ။ အဲ့တော့ ည ၇ နာရီလောက် သူတို ပစ်ခတ်တာတွေ ရပ်သွားတဲ့နောက်ပိုင်းမှ ကျွန်တော်တို့က ရွာကနေ ထွက်လာခဲ့တာပါ”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

လွန်ခဲ့သော တနင်္လာနေ့တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းမှ မယ်ထော်သလေးတွင် ဖြစ်ပွားနေသော ထိတွေ့တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး စစ်တပ်အနေဖြင့် KNU နှင့် ဆွေးနွေးညှိနှိုင်းကာ အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။  

KNU နယ်မြေအတွင်းသို့ စစ်အစိုးရတပ်များ ဝင်ရောက်လာကာ အဖယ်ရှားခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရမှ လွှတ်တော်အမတ်ဟောင်း တဦးအပါအဝင် အတိုက်အခံ အများအပြားကို ဖမ်းဆီးထားကြောင်း နိုင်ငံပိုင်မီဒီယာက လွန်ခဲ့သော ရက်သီတင်းပတ်အတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၀ ကျော်အနက်မှ KNU ကရင်အမျိုးသားအစည်း အရုံးသည် အာဏာသိမ်းဆန့်ကျင်ရေး အတိုက်အခံများကို ခိုလှုံခွင့်ပေးကာ အာဏာသိမ်းစစ်အစိုးရအတွက် တောင့်တင်းခိုင်မာသော ယှဥ်ပြိုင်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။  

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.