ကရာဘီ၊ ဒီဇင်ဘာ ၁၈

ထိုင်းနိုင်ငံက ကရာဘီအကျဥ်း‌ထောင်အတွင်း ကြာသပတေးနေ့ ည ၁၀ နာရီခန့်က ပထမအကြိမ် အဓိကရုဏ်း ဖြစ်ပွားခဲ့ကာ နောက်ထပ် နာရီပေါင်း ၂၀ အတွင်း ဒုတိယအကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး နောက် အဆိုပါ အကျဥ်းထောင်တွင်း လုံခြုံရေးကို ပိုမိုတင်းကျပ်ထားကာ အခြေအနေလည်း တင်းမာလျက်ရှိသည်။  

အကျဥ်းသားများက ယင်းတို့၏ အခန်းဆောင်များနှင့် အဝန်းအဝိုင်းအတွင်းရှိ အခြားသော အစိတ်အပိုင်းများ ကို မီးတင်ရှို့ခဲ့ပြီးနောက် အဓိကရုဏ်းဖြိုခွင်းရေးကိရိယာများကို အပြည့်အစုံတပ်ဆင်ထားသော ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော်သည် ယမန်နေ့က အကျဥ်းထောင်အတွင်းသို့ ဝင်ရောက်ခဲ့ကာ ဦးဆောင်စတင်သည့် သံသယတရားခံ ၃၁ ဦးကို ဖမ်းဆီးခဲ့သည်။  

အကျဥ်းထောင်အတွင်း မီးလောင်မှုနှင့်အတူ ဝင်းအတွင်းရှိ အကျဥ်းထောင်အခန်းများ၊ စာကြည့်တိုက်နှင့် မီးဖိုချောင်တို့ ပြိုကျပျက်ဆီးခဲ့သည်။ ရဲတပ်ဖွဲ့မှ ထိုအခြေအ‌နေကို ၂ နာရီအတွင်း ထိန်းချုပ်ခဲ့ပြီး မီးတောက် မီးလျှံများကို ငြိမ်းသတ်ခဲ့သည်။  

ထောင်အတွင်းဖြစ်ပွားသော ကိုဗစ်  ၁၉ ကူးစက်ပြန့်ပွားမှုအခြေအနေကို ဒေါသအလျောက်တုံ့ပြန်ခြင်းအား ဖြင့် လွတ်မြောက်ရန် လုပ်ဆောင်ခြင်းဟု ထင်မြင်ရကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ 

ယမန်နေ့ နေ့လည်တွင် အ‌ခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ရာဘာကျည်ဖြင့်ပစ်ခတ်ခံရသည့် ကနဦး ဆူပူမှုမှ အကျဥ်းသား ၁၄ ဦးကို ကရာဘီဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ပြန်လည်ကုစားရေးဦးစီးဌာနမှ အထွေထွေ ဒါရိုက်တာက ပြောကြားခဲ့သည်။ 

ကြာသပ‌တေးနေ့ အဓိကရုဏ်းတွင် အမျိုးသား_အကျဥ်းသား ၃၀၀ ခန့် ပါဝင်ခဲ့ပြီး ထိုအထဲအတွင် ဦးဆောင် သူမှာ ၂၀ ဦးခန့်ရှိသည်ဟု ကရာဘီအကျဥ်းထောင်အကြီးအကဲက ပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှုတွင် ပါဝင်သူများက ကိုဗစ် ၁၉ ကူးစက်ခံထားရသော အကျဥ်းသား ၃၀၀ ခန့်ကို ထောင်အတွင်း ထိန်းသိမ်းမည့်အစား ဆေးရုံများ၌ ဆေးကုသခွင့်ရဖို့ တောင်းဆိုနေစဥ်အတွင်း အကျဥ်းထောင် ဒုတိယထပ်ရှိ ပစ္စည်းများကို ဖျက်ဆီးကာ ထောင်ဝါဒါများထံသို့လည်း ပစ်ပေါက်ခဲ့သည် ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့များ ဝင်ရောက်လာချိန်တွင် အချို့သော အကျဥ်းသားများမှာ ထောင်ဝင်း အကာအရံကို ကုတ်တွယ်တက်ကာ လွတ်မြောက်ရန် ကြိုးစားသည့်အတွက်ကြောင့် ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ရသည်ဟု အာဏာပိုင်များမှ ပြောကြားခဲ့သည်။ 

အကျဥ်းသား ဦးရေ ၂၁၅၉ ဦးတွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၀၀ ဦး ရှိပြီး ထိုလူနာများကို စစ်ဆေးကာ ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်သည်။ အဓိကရုဏ်းကြောင့် ထောင်အဆောက်အအုံ ထိခိုက်ပျက်စီးမှု အတိုင်း အတာတစ်ခုထိ ရှိခဲ့သောကြောင့်  နောက်ထပ်ကျန်ရှိနေသော အကျဥ်းသား ၁၇၀၀ ဦးကို အခြား အဆောက် အအုံများသို့ ပြောင်းရွှေ့ထားခဲ့သည်။  

ထောင်အဆောက်အဦးအစိတ်အပိုင်းများကို ဖျက်ဆီးခဲ့သော အကျဥ်းသားများကိုလည်း စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်သွားမည်ဟု ပြန်လည်ကုစားရေးဦးစီးဌာနမှ အထွေထွေ ဒါရိုက်တာက ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာမှ အဓိကရုဏ်းဖြစ်ပွားရသည့် အကြောင်းအရင်းကို အတည်ပြုနိုင်ရန်နှင့် နောက်ထပ် ဆူပူမှုမဖြစ်ပွားစေနိုင်ရန် ကာကွယ်ဖို့ ‌သက်ဆိုင်ရာ ဌာနများကို ညွှန်ကြားထားခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.