မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅)

ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို စစ်ကောင်စီဘက်က ပြန်လည် လက်ခံရေးမူဝါဒ ပြောင်းလဲလိုက်တဲ့အတွက်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 ဒီဇင်ဘာ ၁၃ ရက်နေ့က ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို မြဝတီမြို့ ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတစ်ဆင့် မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ပေမယ့် မြန်မာဘက်က လက်မခံလို့ ထိုင်းအာဏာပိုင်းတွေက ပြန်ခေါ်သွားပြီး အချုပ်ထဲမှာ ထိန်းသိမ်းထားတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မဲဆောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ အခုလို ပြောပါတယ်။

 “ ချစ်ကြည်ရေးတံတားမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလဝက က သွားပြန်ပို့တယ်။ ဒါပေမယ့် မြန်မာဘက်က လက်မခံလို့ ထိုင်းလဝက က ပြန်ခေါ်လာပြီး အချုပ်ထဲမှာ ထည့်ထားရတယ်။ကို့နိုင်ငံသားတွေ ပြန်လာတာကို မြန်မာဘက်က လက်မခံတော့ မြန်မာနိုင်ငံသားတွေပဲ ပိုပြီး ဒုက္ခရောက်ရတယ်” လို့ ဆိုပါတယ်။

 စစ်ကောင်စီရဲ့ မဲဆောက်အခြေစိုက် အလုပ်သမားသံအရာရှိ တစ်ဦးကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော် အချုပ်ထဲမှာရှိနေတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ နေရပ်ပြန်လို့မရသေးတဲ့ ရွှေ့ပြောင်းအလုပ်သမား အယောက် ၅၀ ကျော်ကိုသာ ထိုင်းလဝက က ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အချုပ်ထဲမှာ ရှိနေတဲ့ အလုပ်သမား ၅၀ ကျော်ကလည်း လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ နေရပ်ပြန်ခွင့် ရမယ်လို့ ဆိုပါတယ်။

 ထိုင်း- မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အရင်က တစ်ရက်ခြား အယောက် ၅၀၀ လက်ခံပေမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး တစ်ပတ်ကို ရွှေ့ပြောင်းမြန်မာလုပ်သား အယောက် ၂၀၀ သာ လက်ခံဖို့ စစ်ကောင်စီက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

 သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.