မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁)

အထက်တန်းပြ ဆရာ၊ဆရာမတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM လုပ်ဆောင်သွားတဲ့အတွက် သူတို့ နေရာတွေမှာ စစ်ကောင်စီက အစားပြန်ထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

 အခြေခံ ပညာကျောင်းတွေမှာ အထက်တန်းပြတွေ လုံလောက်မှု မရှိတဲ့အတွက်  အလယ်တန်းပြ တချို့ကို သင်ပြခိုင်းနေရသလို တခြားကျောင်းတွေက ဆရာ၊ ဆရာမ တွေကိုလည်း ယာယီ လွှဲပြောင်းပြီး သင်ကြား ခိုင်းနေရတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လက်ရှိ သင်ကြားမှု အပိုင်းမှာတော့ တချို့ကျောင်းမှာ အထက်တန်းပြ ဆရာတွေ ကတော့ လိုအပ်ချက် ရှိတာပေါ့ဗျာ၊ အလယ်တန်းမှာ ဘီအီဒီဘွဲ့ရရင် ဘီအီဒီ ပထနှစ်ရရင် အဲ့တာဆိုရင် အထက်တန်းမှာ တွဲပြီးတော့ သင်ပေးရတယ်၊ တချို့က ကျတော့ ကျွန်တော်တို့က ဆရာပိုတဲ့ ကျောင်းမှာ ဆရာ ဆရာမကို ယာယီ လွဲထည့်ပြီးတော့ သင်ရတယ်၊ တချို့ကျတော့လည်း အခက်အခဲ ဖြစ်နေတဲ့ ဝေးတဲ့နေရာပဲ ဒါပေမယ့် ဒီဘက်မှာ ဘာသာရပ်က လိုအပ်ချက် ရှိနေတယ် ဆိုရင် ကျွန်တော်တို့က ယာယီတခါ ခွဲထွက်ပြီးတော့ သင်ရတယ်ပေါ့၊ အဲ့လိုမျိုးတွေ အဆင်ပြေအောင် လုပ်နေရတာပေါ့”လို့ ဆိုပါတယ်။

အထက်တန်းပြ ဆရာ၊ဆရာမတွေ လိုအပ်ချက်တွေကို ရာထူးတိုးနဲ့ အပြောင်းအရွှေ့ လုပ်လိုက်ရင် ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အဆင်ပြေလာနိုင်မယ်လို့ ဆိုပါတယ်။

 ကျောင်းသားမိဘတွေကတော့ ဆရာ၊ ဆရာမ မလုံလောက်မှုဟာ ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာသင်ကြားရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့   ပြောပါတယ်။

 “အရင်တုန်းက အထက်တန်း တွေဆိုတာက တော်တော်လေးကို အလုပ်ကို ဒီလိုမျိုး အချိန်ဆိုတာ တော်တော်လေကို တစိုက်မတ်မတ်ကြီး လုပ်နေရတဲ့ အခြေအနေလေ၊ ကျောင်းပညာရေးမှာ ဥပမာ (၁၀)တန်းလို ဟာမျိုးဆိုတော့ ပိုဆိုးတာပေါ့၊ အခုလက်ရှိ အခြေအနေမှာ သူတို့ဆီမှာ ဘာမှ သင်ကြားဖို့အတွက် ဘာမှလည်း မရနေသေးဘူး၊ နောက်တစ်ခုက ဖွင့်တာက ဒီတစ်လလောက်ပဲ ရှိသေးတယ် ဆိုတဲ့အတွက် နောက်(၃)လပိုင်း ဆိုရင် ဖြေတော့မှာလေ ဖြေတော့မှာဆိုတော့ ကလေတွေအတွက် တော်တော်များများ ခက်ခဲတာပေါ့၊ သေချာတာ တစ်ခုကတော့ ကလေးတွေ ပညာရေးသည် တက်မြောက်မှုသည် မလွယ်ကူ နေဘူးပေါ့နော်”လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေမှာ ဆရာ၊ဆရာမနဲ့ သင်ကြားချိန် မလုံလောက်ဖြစ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီကတော့ အတန်းလိုက် စာမေးပွဲတွေကို မတ်လအတွင်း ကျင်းပသွားဖို့ စီစဉ်ထားသလို တက္ကသိုလ် ဝင်တန်း စားမေးပွဲတွေကိုတော့ သင်္ကြန် မတိုင်ခင် ဧပြီလ ကျင်းပသွားမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

 မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပြီး ကျောင်းသားကျောင်းသူ ၂ သိန်း နီးပါး တက်ရောက် ပညာသင်ကြားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.