မော်လမြိုင် ၊ ဒီဇင်ဘာ (၈)

စစ်တပ် အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်းမှာ မွန်ပြည်နယ်အတွင်းက မွေးမြူရေးလုပ်ငန်းတွေဟာ အပြီးပိုင်ရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံခြားက တင်သွင်းနေရတဲ့ သွင်းအားစု ကုန်ပစ္စည်းတွေ ဖြစ်တဲ့ မွေးမြူရေးအစာနဲ့ ဆေးဝါးဈေးနှုန်း ၂ ဆနီးပါးမြင့်တက်လာတာ၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမြင့်နေတဲ့ အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွေးမြူရေးလုပ်ငန်းတွေဟာ လုပ်ငန်းမလည်ပတ်နိုင်တဲ့ အဆင့်ထိ ရောက်ရှိလာတယ်လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ အခုလက်ရှိက (၅၀)ရာခိုင်နှုန်းလောက် ရပ်သွားတာ ရှိတာပေါ့၊ တဖြည်းဖြည်း လျော့လာတာ ပေါ့နော် လည်ပတ်မှု မရှိတဲ့ ကာလတွေ ဖြစ်လာတာ ပေါ့နော်၊ လုပ်ငန်းကို အားကိုးပြီး လည်ပတ်နေတဲ့ လူတွေလည်း မလည်ပတ် နိုင်တဲ့ အဆင့် ရောက်သွားတာပေါ့”လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

 လက်ရှိမှာတော့ မွေးမြူရေး လုပ်ငန်းအများစုဟာ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရပြီး၊ မွေးမြူရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်းထက်မနည်း ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မွေးမြူရေးလုပ်ငန်းရှင်တွေဟာ ရာသီအကူအပြောင်းကာလမှာ မွေးမြူထားတဲ့ ကြက်နဲ့ဝက်တွေမှာ ရောဂါပိုး ဝင်ရောက်မှုတွေကြောင့် နလံမထူနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဝက်တွေကျတော့ ဟိုတလောက ရောဂါတွေ ဝင်သွားတယ်လေ ရောဂါဝင်တော့ အနာဈေးပဲ ပေးကျတာပေါ့၊ အရင်ကဆိုရင် တစ်ကောင်ကို ရောင်းဈေး ပုံမှန် (၄)သိန်းလောက် ရမယ့်နေရာမှာ သူတို့ပေးတာ (၁)သိန်းပဲ ပေးတယ် အဲ့လိုမျိုး အဲ့လောက်ပဲ ပေးကျတာ၊ အဲ့လောက်ပေးတော့ အရှုံးတွေ ပြတာပေါ့၊ ဝက်မွေးမြူရေး သမားတွေကျတော့ ဝက်တွေက ဒီအချိန် ရာသီရောဂါကလည်း အရမ်းဖြစ်တော့ တချို့ဆို ရုံအကုန်လုံးကို ကုန်သွားတယ်၊ ဝက်တွေက သားပေါက် ဈေးတွေကလည်း မကောင်းဘူး၊ ဒိုင်ဈေးတွေကလည်း ဈေးတွေကို နှိမ်ပြီး ဝယ်တယ်၊ အဲ့တာကြောင့် ဝက်မွေးသမားတွေ အကြီးအကျယ် ဆုံးတယ်”လို့ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။ 

အခုလို မွေးမြူရေး လုပ်ငန်းတွေ အရှုံးပေါ်ပြီး လုပ်ငန်းရပ်နားထားရတဲ့ အတွက် ကျွမ်းကျင်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်မှု များလာသလို မွေးမြူရေးလုပ်ငန်းကို မှီခိုပြီး လုပ်ကိုင်နေသူတွေလည်း စားဝတ်နေရေး ပိုကြပ်တည်းလာကြတာ ဖြစ်ပါပတယ်။

 မွန်ပြည်နယ်ရဲ့ မွေးမြူရေးလုပ်ငန်းမှာတော့ ဥစားကြက်၊ အသားစား ကြက်မွေးမြူတာ၊ ဝက်၊ နွားနဲ့ ဆိတ်တို့ကို အဓိက မွေးမြူကြတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.