တော်လှန်သင်္ကြန် အကြိုနေ့ မြင်ကွင်း ( photo - credits)

မော်လမြိုင် ၊ ဒီဇင်ဘာ (၁)

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ CDM ကျောင်းဆရာ၊ဆရာမ နေရာတွေမှာ အစားထိုးဖို့အတွက် ဝန်ထမ်းသစ်တွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေပါတယ်။

 လက်ရှိမှာတော့ အစားထိုး ခန့်အပ်ဖို့အတွက်  စစ်ကောင်စီက ဝန်ထမ်းသစ် ၁၀၀ ကျော်ကို သင်တန်းပေးနေတာ ဖြစ်ပါတယ်။

 ဝန်ထမ်းအသစ်တွေ ခန့်အပ်ရာမှာတော့ အခြေခံပညာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း အဆင့်ဆိုပြီး အပိုင်း (၃)ပိုင်းခွဲပြီး ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

 “ပြင်ပ ဝင်ပေါက် ကနေပြီးတော့ သင်တန်း တက်နေတဲ့ ဆရာ ဆရာမတွေပဲ ရှိပါတယ်၊ ထက် လယ် မူပေါ့ အခု လုပ်ငန်းခွင့် ဝင်ဖို့ သင်တန်း တက်နေကြတဲ့ အဖွဲ့တွေ၊ အခု မူလတန်း ဆိုလို့ရှိရင် (၁၀၀)ကျော်ပေါ့၊ အထက်တန်း ကျတော့ ရွေးချယ် တာတော့ အများကြီးပါပဲ” လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

CDM လုပ်ဆောင်ထားတဲ့ ဆရာ၊ဆရာမတွေ နေရာမှာ အစားထိုး ခန့်အပ်ဖို့ ဝန်ထမ်းသစ် အလုံအလောက် မရှိပေမယ့် တဖြည်းဖြည်းချင်းချင်း နေရာအားလုံးကို ခန့်အပ်သွားဖို့ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

 အခုလို ဝန်ထမ်းအသစ်တွေကို  အစားထိုး ခန့်အပ်ပေမယ့် စနစ်တကျ သင်တန်းပေးထားတာ မဟုတ်တဲ့အတွက်ကြောင့် ကလေးတွေကို အရည်အချင်းပြည့်ဝတဲ့ သင်းကြာပြသမှုတွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ CDM ကျောင်းအုပ် ဆရာမ တစ်ဦးက အခုလို ပြောပါတယ်။

 “CDMလုပ်သွားတဲ့ ဆရာဆရာမတွေ နေရာမှာ အစားထိုးပြီးတော့ ခန့်ထားတဲ့ စစ်ကောင်စီရဲ့ အခေါ် ဆရာ ဆရာမတွေက သူတို့ကရော သင်တန်း စနစ်တကျ ပေးထားတာ မဟုတ်ဘဲနဲ့ ပညာအရည်အချင်းတို့ ပြည့်ဝတာ မဟုတ်ဘဲနဲ့ အဲ့ဒီလို သင်တဲ့ အချိန်မှာ သင်ယူတဲ့ ကလေးတွေ အနေနဲ့ရော မပြည့်ဝဘူးလို့ ထင်ပါတယ်၊ လုံလောက်တဲ့ သင်ကြားပြသမှုမျိုး မရရှိဘူးလို့ ထင်ပါတယ်၊ ကျမတို့ ပညာရေးကတော့ ရှေ့လျှောက် ဇောက်ထိုးကျ ဖို့ပဲ ရှိတော့တယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ခဲ့တဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ဆရာ၊ဆရာမ ၃၀၀၀ နီးပါးကို ရာထူးက ထုတ်ပယ်ထားတာ ဖြစ်ပါတယ်။  

လက်ရှိမှာတော့ စစ်ကောင်စီဟာ CDM ဆရာ၊ဆရာမတွေ နေရာမှာ ဝန်ထမ်းအသစ်တွေကို အစားထိုး ခန့်အပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီက ဝန်ထမ်းအသစ်တွေ ခေါ်ယူနေပေမယ့် လာရောက် လျှောက်ထားသူ နည်းပါးနေသေးတာ ဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.