ဂျာကတာ၊ နိုဝင်ဘာ ၂၉

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံ ၈ နိုင်ငံအတွင်းရောက်ခဲ့သော ခရီးသည်များကို ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် အိုမီခရွမ် ကူးစက်မှုကို ဟန့်တားနိုင်ရန် နိုင်ငံ အတွင်းသို့ ဆိုက်ရောက်ပြီးဖြစ်သော ခရီးသည်များအားလုံးအတွက် ကွာရန်တင်းနေထိုင်ချိန်ကို တိုးမြှင့် သွားမည်ဟု နိုဝင်ဘာလ ၂၈ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားခဲ့သည်။ 

တောင်အာဖရိက၊ ဘော့စ်ဝါနာ၊ နမ်မီဘီယာ၊ ဇင်ဘာဘွေ၊ လီဆိုသို၊ မိုဇမ်ဘီစ်၊ အက်စ်ဝါတီနီ သို့မဟုတ် နိုင်ဂျီးရီးယား စသည့်နိုင်ငံများသို့ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောက်ရှိခဲ့ဖူးသော လူအများသည် အဆိုပါ ပိတ်ပင်တားမြစ်ခြင်းအစီအစဥ်တွင် အကျုံးဝင်သည်။ 

အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် G-20 အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအနေဖြင့်မူ အဆိုပါတားမြစ်ခြင်းအစီအစဥ်တွင် ပါဝင်မည်မဟုတ်ပေ။ 

ကန့်သတ်ချက်များသည် လာမည့် တနင်္လာနေ့မှ စတင်၍ အကျုံးဝင်မည်ဖြစ်ပြီး ရက်သတ္တပတ် နှစ်ပတ်တိုင်း ပြန်လည်သုံးသပ်သွားမည်ဟု အဆင့်မြင့် ဝန်ကြီးများက သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။ 

“Omicron က နိုင်ငံအတော်များများကို ပျံ့နှံ့သွားပြီးဖြစ်တာကြောင့် အဆိုပါ ဗိုင်းရပ်စ်ရဲ့ ဖြစ်ပေါ်တိုး တက်မှုကို တုံ့ပြန်ရန် ယနေ့မှစ၍ အစိုးရအဖွဲ့အနေဖြင့် ‌အောက်ပါမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်လိုပါတယ်” ဟု ပူးပေါင်းဆောင်ရွက်မှုရေးရာ ဝန်ကြီး Luhut Pandjaitan (လူဟတ်) က ပြောကြားခဲ့သည်။ 

တားမြစ်ချက်အစီအစဥ်တွင် စာရင်းပြုစုထားသော အာဖရိကန်နိုင်ငံများနှင့် ဟောင်ကောင်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြမည့် အင်ဒိုနီးရှားနိုင်ငံသားများသည်လည်း သတ်မှတ်ထား သော နေရာများတွင် ကွာရန်တင်း ၁၄ ရက်‌နေထိုင်ရမည် ဟု မစ္စတာ Luhut က ပြောကြားခဲ့သည်။ 

မကြာသေးခင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့် အခြား‌သောခရီးသွားဧည့်သည်များသည်လည်း ကွာရန်တင်းကို ၃ ရက်အစား ၇ ရက်ထိ နေထိုင်ရမည်ဟု အဆိုပါပုဂ္ဂိုလ်က ဖြည့်စွက်ပြောကြားခဲ့သည်။  

တောင်အာဖရိကတွင် တွေ့ရှိရသော အဆိုပါ ဗိုင်းရပ်စ်မျိုးကွဲသည် ဥရောပနှင့် အာရှတိုက်များတွင် လည်း‌တွေ့ရှိခဲ့ရပြီး ပညာရှင်များအနေဖြင့် အခြားသော ယခင်ဗီဇမျိုးကွဲများနှင့် နှိုင်းယှဥ်လျှင် ကိုဗစ် ၁၉ ရောဂါပြင်းထန်မှု များသည် နည်းသည်ကို ယခုချိန်ထိတိုင် မသိရှိသေးသော်လည်း ၎င်းဗိုင်းရပ်စ် မျိုးကွဲအသစ်သည် တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူကူးစက်နိုင်ချေရှိနေသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.