မော်လမြိုင် ၊ နိုဝင်ဘာ (၂၈)

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တစ်ခု ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ပြန်လည် ဖွင့်လိုက်ပေမယ့် ကွန်တိန်နာစနစ်ကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

၅ လကျော်အကြာ ပိတ်ထားခဲ့တဲ့ ကျင်စန်းကျော့ကုန်သွယ်ရေးဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာ ၂၆ ရက်နေ့ ၃၀ ရက်နေ့ထိ ၅ ရက် အစမ်းသပ်ကာလအဖြစ် ပြန်လည် ဖွင့်လှစ်ခွင့် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကုန်သွယ်ရေးရာမှာတော့ ကွန်တိန်နာတွေနဲ့ ကုန်သွယ်ခွင့် ပေးအပ်ထားတဲ့အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တစ်နေ့ကို တရုတ်ဘက်က ကွန်တိန်နာ ၅ လုံး၊ မြန်မာဘက်က ကွန်တိန်နာ ၅ လုံး ကုန်သွယ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ကုန်သွယ်ရာမှာတော့ မြန်မာဘက်က စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်တွေကို အဓိက ပို့ဆောင်နေတာဖြစ်ပြီး တရုတ်ဘက်ကနေ ကိုဗစ်ကာကွယ်ဆေးတွေ၊ စက်ယာဉ်ယန္တရားတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်စခန်းအားလုံးကို ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး၊ အခုအခါမှာတော့ ကျင်စန်းကျော့ဂိတ် စခန်းတစ်ခုကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးအပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.