မော်လမြိုင် ၊ နိုဝင်ဘာ (၂၆)

CDM ဝန်ထမ်းတွေဟာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်လာခဲ့တာ အခုဆိုရင် ၁၀ နီးပါး ကြာမြင့်လာပြီး ဖြစ်ပါတယ်။

 CDM ဝန်ထမ်းတွေဟာ CDM ကာလကြာမြင့်လာတာနဲ့ အတူ မိသားစု စားဝတ်နေရေး အပါအဝင် ဘဝရပ်တည်နေထိုင်ရေးအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြ ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စောင့်ကြည့်တာ ခံနေရတဲ့ CDM ဝန်ထမ်းတွေဟာ မလုံခြုံမှုတွေကို ခံစားနေရပြီး ရှာဖွေဖမ်းဆီးတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

တဖက်မှာတော့ CDM ဝန်ထမ်းတွေဟာ ရရာအလုပ် လုပ်ဖို့ အလုပ်သွားလျှောက်ကြပေမယ့် CDM ဝန်ထမ်းတွေဆိုရင် အလုပ်မခန့်တာကြောင့် မိသားစု ဘဝရပ်တည်ဖို့ ပိုမိုခက်ခဲလာတယ်လို့ CDM ဝန်ထမ်း တစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်ဆို CDM လုပ်ပြီးကတည်းက အလုပ်လိုက်ရှာတာ CDM ဝန်ထမ်းဆို အလုပ်မခန့်ချင်သူတွေက များတယ်။ အိမ်က မိဘတွေကလဲ ကျန်းမာရေးမကောင်းတော့ ပိုခက်ခဲတယ်။ အလုပ်လေးတစ်ခုရတော့လဲ ဆိုင်ကယ်နဲ့ဖုန်း အလုခံရတာ လူမသေတာတောင် ကံကောင်းတယ်ပြောရမယ်။ ကျွန်တော်ကဖေဖေါ်ဝါရီလကတည်းက CDM လုပ်ထားတာပါ။ ထောက်ပံပေးမယ်ဆိုတဲ့ အဖွဲ့တွေထံက တစ်ဦးစ နှစ်ဦးစထံက ရဖူးတယ် သူများပြောပေးလို့။ ငွေသောင်းဂဏန်းပါ။ ခုနောက်ပိုင်းတော ပေးတဲ့သူမရှိတော့ဘူး။ ကျွန်တော်မိသားစုကို သနားလို့ သီးသန့် ဆန်နဲ့စားသောက်စရာထောက်ပံပေးနေတဲ့ သူတစ်ဦးတော့ရှိပါတယ်။ ခုတော့ အိမ်ဌားနေရတယ်။ အခက်အခဲတွေကတော့ အများကြီးပါ ဒါပေမယ့် အဆုံးထိ CDM ဆက်လုပ်မှာပါ”လို့ ၄င်းက ပြောပါတယ်။

 CDM ဝန်ထမ်းတွေကို စစ်ကောင်စီက နေအိမ်လိုင်းခန်းတွေကနေ နှင်ချတာ၊ အလုပ်ကနေ ထုတ်ပယ်လိုက်တာတွေကြောင့် ဝင်ငွေမရှိတာနဲ့ နေစရာမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

အခုလို ဘဝရပ်တည်နေထိုင်ရေးအတွက် အခက်အခဲ မျိုးစုံရင်ဆိုင်နေရပေမယ့် အရေးတော်ပုံ အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ CDM ဝန်ထမ်း တစ်ဦးက အခုလို ဆိုပါတယ်။

“ကျွန်မတို့က လူသေသွားပေမယ့် နာမည်ကျန်ခဲ့တာမျိုးကိုဘဲ ဖြစ်စေချင်တဲ့အတွက် အဆုံးထိ ဆက်သွားမယ်။ လက်ရှိ တည်းခိုခန်းတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းအနေနဲ့ လျှောက်ထားပါတယ်။ လက်ရှိစားဝတ်နေရေးအတွက်ကတော့ အလုပ်ထွက်လုပ်လို့ရတဲ့အခါ လုပ်တယ်။ အလုပ်မရှိတဲ့အခါ ထမင်းနဲ့ဆားနဲ့လဲ စားပါတယ်။ ကျွန်မတို့ ပေးဆပ်ရတာက နည်းပါသေးတယ်။ သူများတွေဆို အသက်စွန့်သွားတဲ့ သူတွေရှိတယ်လေ”လို့ CDM ကျောင်းအုပ်ကြီးတစ်ဦးဖြစ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 လက်ရှိမှာတော့ CDM ဝန်ထမ်းတွေဟာ မိသားစုစားဝတ်နေရေးအတွက် ဈေးရောင်းတာ၊ ဆိုင်ကယ် တက္ကဆီဆွဲတာ၊ သန့်ရှင်ရေးနဲ့ ရရာအလုပ်တွေမှာ နေ့စားဝင်လုပ်ပြီး ဝမ်းရေးပြဿနာကို ဖြေရှင်းနေကြပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ အာဏာဖီဆန်ရေး CDM လုပ်ဆောင်ထားတဲ့ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီထဲမှာတော့ ပညာရေးနဲ့ မီးရထားဝန်ထမ်းတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.