တနင်္သာရီတိုင်းက စစ်ဘေးရှောင်များ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၆)

 ဖာပွန်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေဒေသထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီကနေ့လက်ရှိအချိန်ထိ ဒေသခံပြည်သူတွေဟာ တိမ်းရှောင်ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

 လက်ရှိမှာတော့ တောတောင်ထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ နော်စေးစေးဟဲက ပြောပါတယ်။

 “စစ်ရှောင်တွေက အများကြီးကျန်သေးတယ်။ အခုလိုအပ်ချက်က စားနပ်ရိက္ခာ ဆန်စပါးအရေးကြီးဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်က ရာသီဥတုကလည်း ဖောက်ပြန်တယ် မတည်ငြိမ်ဘူး။ ပြီးတော့ စစ်ကောင်စီတပ်တွေ တက်လာတဲ့အတွက်ကြောင့် သူတို့ ပြေးနေရတယ် အခုချိန်ထိပဲ။ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ရသေးဘူး အခုချိန်ထိရှိနေတယ်ဆိုတော့လေ။ အခုသူတို့ ပစ္စည်းတွေ ထပ်လိုအပ်မယ် စားနပ်ရိက္ခာတွေလိုအပ်မယ် ဆန်စပါးတွေလိုအပ်မယ်။ ပြီးတော့ အရေးကြီးဆုံးက ဆေးဝါး။ အခုဆောင်းဦးထဲရောက်လာတာဆိုတော့ ငှက်ဖျားကလည်း တက်တာရှိတယ် ဆေးဝါးလည်းအများကြီးလိုအပ်တယ်ပေါ့နော်။ ငှက်ဖျားဖြစ်တဲ့လူတွေများတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆောင်းတွင်းထဲဝင်လာတယ်ဆိုတော့ လူတွေက အများအားဖြင့် နေမကောင်းတာဖြစ်တာများတယ်” လို့ ဆိုပါတယ်။

ဖာပွန်ခရိုင်ထဲက စစ်ရှောင်ပြည်သူတွေဟာ ရာသီအကူးအပြောင်းကာလမှာ ငှက်ဖျားရောဂါ ဖြစ်ပွားသူတွေ များလာတဲ့အတွက်ကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ကရင်အမျိုးသမီးအစည်းအရုံး(KWO)ဟာ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ပါဟဲ၊ ခေါပူ၊ ပွာဒဲ၊ သေးကေးနဲ့ စောမူပလောကျေးရွာအုပ်စုထဲကို သွားရောက်ပြီး ဒေသခံပြည်သူတွေအတွက် လိုအပ်နေတဲ့ပစ္စည်းတွေကို သွားရောက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့အကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ထွက်ပြေးတိမ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ သောင်းနဲ့ချီ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.