ပုံစာ - မော်လမြိုင်မြို့က လူမှုကယ်ဆယ်ရေးအဖွဲ့

မော်လမြိုင် ၊ နိုဝင်ဘာ (၂၅)

စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေ မသုံးဖို့ ညွှန်ကြားလာတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့ အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

 အာဏာသိမ်း စစ်ကောင်စီဟာ မော်လမြိုင်မြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ မသုံးဖို့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ခေါ်ယူသတိပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့လို ခေါ်ယူသတိပေးရာမှာ မှတ်ပုံမတင်ထားတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မှတ်ပုံတင်ကြဖို့အပြင် လိုင်စင်မဲ့မော်တော်ယာဉ်တွေ မသုံးဖို့နဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေ အသုံးပြုလို့ တစ်စုံတစ်ရာ ပြသနာ ဖြစ်ပေါ်ပေါက်လာရင် ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပါ အရေးယူ သွားမယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အခုလို  ကန့်သတ်ချက်ကြောင့် အရေးပေါ်လူနာတွေကို ကယ်ဆယ်ဖို့ အခက်အခဲရှိမှာ ဖြစ်သလို မသေသင့်ဘဲ သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ သတင်းရလည်း ကားမရှိဘူး မထွက်ရဲဘူးလေ၊ ဘာမှ လူနာတင်စရာ ကားမရှိရင် ရပ်ကြည့်ပေါ့ ဒါပဲရှိတယ်၊ ဆိုင်ကယ်နဲ့သွား ရပ်ကြည့် အခုက ဆိုင်ကယ်ကလည်း (၂)ယောက်စီးလို့ မရဘူးဆိုတော့ ဘာလုပ်မလည်း သူတို့ အစိုးရက ဘာလုပ် နိုင်မလည်း သူတို့ လုပ်နိုင် သလောက်လုပ်၊ ကယ်ဆယ်ရေး မလာရင် အရင်လိုပဲ ရဲအလာကို စောင့်ပေါ့၊ ရဲအလာကိုစောင့် ရှိတဲ့ကားကို တားတင် ဆိုတော့ ခါတိုင်းလိုပဲ Accidentဖြစ်ရင် မသေသင့်ပဲ သေပေါ့ ဒါပဲရှိတာပေါ့”လို့ ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်အသုံးပြုခွင့် မပေးတဲ့အတွက်ကြောင့် နယ်ဝေးက လူနာတွေကို ကူညီပို့ဆောင်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း လူမှုကယ်ဆယ်ရေးအဖွဲ့ တွေက ဆိုပါတယ်။။

“ကျွန်တော်တို့ သွားနေတာ တစ်ခါကျရင် ရန်ကုန်လည်း သွားတယ်၊ သထုံလည်း သွားတယ် ကျိုက်ထိုလည်း သွားတယ် အဝေးကျတော့ တစ်ခြားမြို့နယ်ရဲ့ သဘောထား မသိတော့ အရမ်း မလုပ်ရဲ့တော့ဘူး၊ အခုဗျာ ရန်ကုန်သွားမယ်ဗျာ ကျွန်တော်စောစောက ပြောထားသလိုပေါ့ အစီး(၁၀၀)မှာ အရေးပေါ်ကား (၅)စီးလောက်ပဲ လိုင်စင်ရှိတဲ့ အတွက်ကြောင့် (၅)စီးက ရန်ကုန်သွားနေပြီး ဆိုရင် နောက်ထက် လူနာအတွက် အခက်အခဲ မရှိဘူးလား ဆိုရင်တော့လည်း ရှိမှာပါ အဲ့ဒီအခါ ကျရင်လည်း အိမ်စီးကားနဲ့ပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေအောင်တော့ လူနာရှင်တွေတော့ ကြံဖန်ပြီး သွားကြရမှာပဲ၊ အရင်လူနာ တင်ကားတွေ မပေါ်ခင်ကလည်း ဒီလိုပဲ သွားခဲ့ကြရတာကို”လို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ယာဉ်တွေ မသုံးဖို့ ညွှန်ကြားလာတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားရဖို့ ရှိနေတာ ဖြစ်ပါတယ်။

 ဒါကြောင့် စစ်ကောင်စီအနေနဲ့ အဖွဲ့အစည်း အလိုက်ဖြစ်စေ မော်တော်ယာဉ် အစီးရေအလိုက်ဖြစ် အကန့်အသတ်နဲ့ လိုင်စင်လုပ်ပေး သင့်တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.