မော်လမြိုင် ၊ နိုဝင်ဘာ (၂၅)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအား ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိကပစ်မှတ် တစ်ခုအဖြစ် တိုက်ခိုက်လာတယ်လို့ ကရင်လူ့အခွင့်အရေး KHRG က ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ပြည်သူများရဲ့ခုခံတွန်းလှန်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် ထိုးစစ်ဆင်ရာမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အတွက်ကြောင့် ကျေးလက်ဒေသက တိုင်းရင်းသားဒေသခံတွေဟာ မလုံခြုံမှုတွေကို ပိုမိုခံစားလာရပြီး ထွက်ပြေးတိမ်းရှောင်ရမှု ပိုမိုများပြားလာခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“ ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီက သူတို့ရဲ့ စစ်ဆင်ရေးတွေကို ပိုပြီးတော့ လုပ်လာတယ်။ တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ သူတို့က ရွာသားတွေကို ပစ်မှတ်ထားတာတွေ ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာတွေ လုပ်လာတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာတာကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ဘေးရှောင်တွေဟာ ပိုမိုများပြားလာခဲ့ပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူ ၁၄၀၀၀၀ ကျော် ရှိလာပြီး ဖြစ်ပါတယ်။
KHRG က ထုတ်ပြန်ထားတဲ့ ဒီအစီရင်ခံစာထဲမှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး အာဏာသိမ်းမှုရဲ့ ကျယ်ပြန့်တဲ့သက်ရောက်မှုတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲတာ၊ စစ်ကောင်စီက သတင်းအချက်အလက်ရရှိနိုင်ခွင့် ကန့်သတ်တာနဲ့ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အရေးပါတဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေအပေါ် စစ်ကောင်စီရဲ့ကန့်သတ်ချက်တွေကိုလည်း ဖော်ပြထားပါတယ်။
လတ်တလောမှာ မြန်မာပြည်တောင်ပိုင်းဒေသဖြစ်တဲ့ မွန်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ စစ်ရေးပဋိပက္ခတွေဆက်ရှိနေပြီး ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်