စင်ကာပူ၊ နိုဝင်ဘာ ၁၅

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Gina Raimondo သည် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ  ၃ ရက်တာ ကြာမြင့်မည်  ပထမဆုံး တရားဝင်ခရီးစဥ်ကို အာရှ သို့ လာရောက်မည်ဟု အ‌မေရိကန် စီးပွားကူးသန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးစဥ်တွင် Ms Raimondo သည် ဂျပန်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ အစိုးရအဖွဲ့ အရာရှိ များ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဦးဆောင်သူများနှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံ၏ မြို့‌တော်တိုကျိုသို့ ပထမဦးဆုံးသွားရောက်ပြီး ဂျပန်နိုင်ငံဆိုင်ရာ ကုန်သွယ်ရေး၊ စီးပွား‌ရေး နှင့် စက်မှုလုပ်ငန်း ဝန်ကြီး Koichi Hagiuda၊ နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နှင့် အစိုးရအဖွဲ့အကြီးအကဲ Hirokazu Matsuno တို့နှင့် တွေ့ဆုံသွားမည်။ 

ထို့နောက်တွင် Ms Raimondo သည် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ စင်ကာပူနိုင်ငံသို့ နှစ်ရက်ကြာ သွား ရောက်မည်။ စင်ကာပူရောက်ရှိစဥ်အတောအတွင်း ဝန်ကြီးချုပ် Lee Hsien Loong ၊  ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး Josephine Teo နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong တို့နှင့် တွေ့ဆုံမည်။ 

သူမသည် စင်ကာပူ အမျိုးသားတက္ကသိုလ်မှ ကျင်းပမည့် Women in Tech: Seizing Opportunities in the Digital Economy အခမ်းအနားတွင်လည်း Mrs Teo နှင့်အတူ အစီအစဥ်မှူးအဖြစ် ပါဝင် ဆောင်ရွက်မည်။ 

နိုဝင်ဘာ ၁၇ ရက်နေ့တွင် Ms Raimondo သည် ထိပ်သီး စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် အစိုးရ‌ ခေါင်းဆောင်များ တက်ရောက်ပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဆွေး‌‌နွေးကြမည့် အဆင့်မြင့် ထိပ်သီး ဖိုရမ်ဖြစ်သည့် Bloomberg New Economy Forum ကိုလည်း တက်ရောက်မည်ဖြစ်သည်။ 

ထိုဖိုရမ်တွင် Ms Raimondo သည် Bloomberg  အယ်ဒီတာချုပ် John Micklethwait နှင့်အတူ ဆွေး‌နွေးပွဲတွင် ပါဝင်မည်။ ထို့နောက်တွင် နယူးဇီးလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်ဖွံ့ဖြိုးမှု ဝန်ကြီး Damien O’Connor ၊ ဩစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ဝန်ကြီး Dan Tehan တို့နှင့် တွေ့ဆုံသွားရန်လည်းရှိသည်။ 

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခမ်းအနားသည်  Ms Raimondo တက်ရောက်မည့် နောက်ဆုံးအခမ်းအနားတစ်ခုဖြစ်ပြီး သူမသည် စင်ကာပူစီးပွားရေးအဖွဲ့ချုပ်တွင် Mr Gan နှင့်အတူ ပူးတွဲ၍ အစီအစဥ်မှူးအဖြစ် ဆောင်ရွက်မည်။ 

နိုဝင်ဘာ ၁၈ ရက်တွင် မစ္စ Raimondo သည် မလေးရှားနိုင်ငံ၌ ဝန်ကြီးချုပ် Ismail Sabri Yaakob၊ အကြီးတန်း၀န်ကြီး (နိုင်ငံတကာကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်း) Azmin Ali နှင့် ဆက်သွယ်ရေးနှင့် Multimedia Minister Annuar Musa တို့ တွေ့ဆုံမည်ဖြစ်သည်။

သူမသည် Datuk Seri Azmin နှင့်အတူ  semiconductor နှင့်ပတ်သက်သော roundtable meeting ကျင်းပမည်ဖြစ်ပြီး semiconductor   ထုတ်လုပ်မှု စက်ရုံကို လေ့လာကြည့်ရှုမည်ဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.