မော်လမြိုင် ၊ နိုဝင်ဘာ (၁၂)

အာဏာသိမ်း စစ်ကောင်စီက အခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားဖို့ ညွှန်ကြားလိုက် တဲ့အပေါ် မဖြစ်သင့်ဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်လိုက်ပါတယ်။

အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီ လက်အောက်ခံ ပညာရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့ အတွင်း လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 စာသင်ချိန် မလုံလောက်ဘဲ ကျောင်းသားကျောင်းသူတွေကို စာမေးပွဲ ဖြေဆိုဖို့ လုပ်ဆောင်တာဟာ ပညာတက် အရည်အသွေး ကောင်းတွေ ထွက်လာဖို့ မဖြစ်နိုင်သလို နိုင်ငံတကာနဲ့ ယှဉ်ရင်လည်း အနောက်မှာ ကျန်ခဲ့မှာ ဖြစ်တယ်လို့ ကျောင်းသား မိဘတစ်ဦးက အခုလို ဝေဖန်ပြောဆိုလိုက်ပါတယ်။

 “ ကလေးတွေက သူတို့ တက်ရမယ်ဆို ဘယ်လောက်ပဲ ရှိမလည်း အလွန်ဆုံးမှ (၄)လပေါ့၊ (၃)လပိုင်း ဖြေမယ်ဆိုရင် (၄)လ၊ အဲ့ဒီ(၄)လအတွင်းမှာ ကလေးတွေ စာကို ဘယ်လို တကယ့် အရည်အချင်း ရှိရှိနဲ့ ကျက်မလည်း ပေါ့နော်၊ နောက်တစ်ခုက ပိတ်လိုက် ဖွင့်လိုက်နဲ့ ဆိုတော့ တကယ့်အရည်အသွေး ကောင်းတွေက မထွက်လာ လောက်ဘူးလို့ပဲ မြင်ရတာပေါ့၊ တကယ် အရည်အချင်း ရှိရှိနဲ့ အောင်နိုင်သော ပညာတက် လိုချင်သော မိဘဆိုရင်တော့ ဒီလိုမျိုး ပညာရေးစနစ်က ကျတော့ သူတို့ လိုချင်မှာ မဟုတ်ဘူးလေ၊ တကယ့်တကယ် နိုင်ငံတကာနဲ့ ယှဉ်ခဲ့ရင် သေချာတယ် ကိုယ့်တွေ ကလေးတွေက အနောက်မှာ ကျန်ခဲ့မှာပဲလေ”လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

 ကျောင်းစာသင်ချိန် အပြည့်အဝ မရှိတာကြောင့် ကလေးတွေရဲ့ စာတက်မြောက်မှု အပိုင်းတွေမှာ အားနည်းလာမှာ ဖြစ်သလို အရည်အချင်း မရှိဘဲ ဒါကျက်ဒါအောင် စနစ်မျိုး ပြန်လည်း ဖြစ်လာမှာကို ကျောင်းသား မိဘတွေက စိုးရိမ်နေတာပါ။

 အခုလို ကျောင်းစာသင်ချိန် အနည်းငယ် အတွင်းမှာ စာမေးပွဲ ဖြေဖို့လုပ်ဆောင်တာဟာ ပညာရေးရဲ့ အရည်အသွေးကို တန်ဖိုး မထားတာ ဖြစ်သလို ဒီလိုပုံစံ အတိုင်းသွားပါက ပညာရေးဟာ အဓိပ္ပာယ် မရှိတော့ဘူးလို့ ကျောင်းဆရာ တစ်ဦးကလည်း ဝေဖန်လိုက်ပါတယ်။

“ပညာရေးတိုင်းဟာ အရည်အသွေးကိုပဲ တန်းဖိုးထားရတာ မဟုတ်လား အရည်အသွေး မရှိတော့ဘူး ဆိုရင် ဘာလုပ်မှာလည်း ဆရာဆရာမတွေ ကိုယ်တိုင်က အရည်အသွေး တန်းဖိုး မထားတော့ဘူး ဆိုရင် သူတို့ရဲ့ ကလေးတွေကရော ဘယ်လိုလုပ် အရည်အသွေး တန်ဖိုးထားတော့ မလည်း၊ လာတက်တဲ့ကောင် အောင်တာပဲ အဲ့ဒီပုံစံနဲ့ သွားမယ်ဆိုရင် ကျွန်တော်တို့ ပညာရေးဟာ အဓိပ္ပာယ် မရှိတော့ဘူးလေ၊ အဓိပ္ပာယ် မရှိတဲ့ဟာကို ဆက်လုပ် နေတာပဲပေါ့”လို့ ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

 တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားနိုင်ဖို့ လုပ်ဆောင်တာဟာ မြန်မာနိုင်ငံ စာစစ်ဌာနက လုပ်ဆောင်တာ ဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဘယ်တော့ ဖြေဆိုရမလည်း ဆိုတာကိုတော့ မသိ ရသေးဘူးလို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဆီကိုတော့ မြန်မာနိုင်ငံစာစစ်က နေပြီးတော့ ဆက်သွယ် အကြောင်းကြားတဲ့ အပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့က ပြောနိုင်မှာပေါ့၊ အဲ့တာကတော့ မြန်မာနိုင်ငံစာစစ်က ဦးစီးပြီးလုပ်တာ ဖြစ်တော့ ကျွန်တော်တို့ အခြေခံကတော့ ပြောလို့မရဘူးလေ၊ အဲ့ဒါကျတော့ စာစစ်က ပိုပြီးတော့ တိတိကျကျ သိမှာပေါ့နော်”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ အခြေခံပညာကျောင်းတွေကို မရမက ဖွင့်လှစ်ခဲ့ပြီး စာသင်ချိန် မလောက်တဲ့အချိန်မှာပဲ စာမေးပွဲတွေ ဖြေဆိုဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းသူကျောင်းသား ၄ သိန်းကျော် ရှိနေတာ ဖြစ်ပြီး စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းကို တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသား ၁ သိန်းကျော်ရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.