မော်လမြိုင်၊ နိုဝင်ဘာ ၅

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က နိုဝင်ဘာလ (၅)ရက်နေ့မှာ ထုတ်ပြန်သော ထုတ်ပြန်ချက်ကို စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးအဖွဲ့က ကန့်ကွက် သတိပေးလိုက်ပါတယ်။

သတိပေးစာမှာတော့ PPST ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ စစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းဆိုတဲ့ အချက်ကို အဓိက ကန့်ကွက် သတိပေးထားပါတယ်။

ယင်းအပြင် PPST သည် ဖြစ်စဉ်အမှန်ကို တိတိကျကျမသိဘဲ စွပ်စွဲရေးထားထုတ်ဖော်မှုများမှာ NCA စာချုပ်ပါ အခန်း(၃)၊ အပိုဒ် ၅(စ)ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ PPST ၏ ထုတ်ပြန်ချက်အပေါ် လိုအပ်သလို ပြင်ဆင်ရေးသားဖို့ဆိုပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်ရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီပေးပို့တဲ့စာကို လက်ခံရရှိပြီးဖြစ်သလို လက်ရှိမှာ မှတ်ချက်ပေးစရာတစုံတရာမရှိသေးဘဲ လာမည့် PPST ၏ အစည်းအဝေးကို တင်ပြပြီးမှသာ ယင်းရဲ့ ဆုံးဖြတ်ချက်အတိုင်း မှတ်ချက်ပြုမည်ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာစစ်တပ်အနေနဲ့ အပစ်ခတ်ရပ်စဲမှုကို ၅ လတာပြုလုပ်ထားပေမယ့် NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေကို နေ့စဉ်ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.