မော်လမြိုင် ၊ နိုဝင်ဘာ (၉)
မြိုင်ကြီးငူဒေသမှာ ရောက်ရှိခိုလှုံနေထိုင်ကြတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် စာရေးကိရိယာအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ မယ်သဝေါဒေသက စစ်ရှောင်တွေအပြင် ဖာပွန်ဒေသက စစ်ရှောင်တွေ လာရောက်ခိုလှုံနေတာ ဖြစ်ပါတယ်။
စစ်ရှောင်ကလေးတွေရဲ့ ပညာရေးအတွက် နီးစပ်ရာအစိုးရစာသင်ကျောင်းနဲ့ စခန်းအတွင်းမှာဖွင့်ထားတဲ့ ပြင်ပစာသင်ကျောင်းတွေမှာ ပညာသင်ကြားနေရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်ကလေးတွေအတွက် စာအုပ်နဲ့ စာရေးကိရိယာပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ပြင်ပကျောင်းလည်းတက်တယ်။ အစိုးရကျောင်းလည်းတက်တယ်။ မြိုင်ကြီးငူကျောင်းမှာပေါ့။ အားလုံးပဲ နီးစပ်ရာသူတို့တက်တာပေါ့။ ဘောပင် ဗလာစာအုပ်တွေလိုအပ်တာပေါ့” လို့ မြိုင်ကြီးငူ စစ်ရှောင်စခန်း တာဝန်ခံ ဦးထွန်းက ပြောပါတယ်။
မြိုင်ကြီးငူစစ်ရှောင်စခန်းအတွင်းမှာ ပြင်ပစာသင်ကျောင်းတစ်ခုကို ဖွင့်လှစ်သင်ကြားနေပြီး အဲ့ဒီကျောင်းမှာ ကလေး ၁၀၀ ကျော်ခန့်က ပညာသင်ကြားလျက်နေတာ ဖြစ်ပါတယ်။
မြိုင်ကြီးငူစစ်ရှောင်စခန်းမှာ မယ်သဝေါဒေသက စစ်ဘေးရှောင် ၅၀၀၀ ကျော်ဟာ စခန်းအတွင်းမှာ နေထိုင်ကြတာဖြစ်ပြီး ဖာပွန်စစ်ဘေးရှောင် လူဦးရေ ၂၀၀၀ ခန့်ကတော့ မြိုင်ကြီးငူက ရပ်ကွက်တွေအတွင်းမှာ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ကရင်ပြည်နယ် မယ်သဝေါဒေသမှာ ခွဲထွက်ဒီကေဘီအေနဲ့ စစ်တပ် ၊ BGF ပူးပေါင်းတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသဘက်ကို စစ်ဘေးရှောင်ထောင်ချီခန့် ရောက်ရှိခိုလှုံနေထိုင်ခဲ့ရတာဟာ ဒီကနေ့အထိထက်တိုင် ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်