မော်လမြိုင် ၊ နိုဝင်ဘာ (၉)
ထွက်ပြေးတိမ်းရှောင်ပြီး နေအိမ်ပြန်ရောက်နေတဲ့ မွန်ပြည်နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တပတ်အတွင်း ချက်ချင်းဖမ်းဆီးကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်အာဏာရှင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့သူတွေနဲ့ တက်ကြွလှုပ်ရှားသူတချို့ နေအိမ်ပြန်လည် ရောက်ရှိနေတယ်လို့ စစ်ကောင်စီဘက်က သတင်းရရှိထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ထွက်ပြေးတိမ်းရှောင်ပြီး နေအိမ်ပြန်ရောက်နေသူတွေကို ညဘက် လူခြေတိတ်တဲ့အချိန်မှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်သူတွေကို ဆက်တိုက်ဖမ်းဆီးလာနေပြီး၊ အနည်းဆုံး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ မော်လမြိုင် အပါအဝင် မြို့အများစုမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ပိုမို လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲပါဝင်သူ ၄၀၀ ကျော် ဖမ်းဆီးခံထားရပြီး၊ ၂၀၀ ကျော် ပြန်လည် လွတ်မြောက်လာပေမယ့် ၂၀၀ ကျော်က ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ အများစုမှာတော့ လူငယ်နဲ့ အမျိုးသမီးတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်