မော်လမြိုင် ၊ နိုဝင်ဘာ (၉)

မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေ အရှုံးနဲ့ ရင်ဆိုင်နေရပြီး မကြာမီကာလအတွင်း လုပ်ငန်းအားလုံးနီးပါး ရပ်ဆိုင်းသွားနိုင်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မွန်ပြည်နယ်အတွင်းက ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေကြေး တန်ဖိုး ကျဆင်းလာတာနဲ့ ပြည်ပမှ တင်သွင်းတဲ့ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်း ၂ ဆ နီးပါး မြင့်တက်လာတဲ့အတွက်ကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ကုန်ကြမ်းပစ္စည်းဈေးနှုန်း မကျတဲ့အတွက်ကြောင့် လုပ်ငန်းအများစု ရပ်နားလာကြပြီးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ဆောက်လုပ်ရေး လုပ်ငန်းကလေ ကုန်ဈေးနှုန်းတွေ တက်နေတယ်၊ ဒေါ်လာဈေးပဲ ကျတယ် သူတို့က တက်ဈေး မကျဘူး။ ပုံမှန်တိုင်း မလည်ပတ်နိုင်ဘူး၊ အများကြီး ရပ်နေပြီးဟာ လုပ်ဖြစ်အောင်လို့ပဲ လုပ်နေတဲ့ သဘောရှိတယ်။အလုပ်သမားလေးတွေ အလုပ်ရအောင် သဘောပဲ ရှိတယ်၊ လုပ်လေ ရှုံးလေ ဖြစ်နေတဲ့ ဟာကြီးဟာ”လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ ကုန်ကြမ်း ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိသလို ကုန်ကြမ်း ပစ္စည်း သယ်ယူတဲ့ နေရာမှာလည်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေတဲ့ အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် လုပ်ငန်းသုံး ပစ္စည်း ဝယ်ယူ ရာမှာလည်း ဘဏ်ငွေကြေး ထုတ်ယူဖို့ အခက်အခဲ ရှိတဲ့အတွက် လုပ်ငန်း လည်ပတ်ဖို့ အခက်အခဲ ဖြစ်နေကြပါတယ်။

ဒါကြောင့် ကုန်ကြမ်း ပစ္စည်းဈေးနှုန်းတွေ ကျဆင်းခြင်း မရှိရင် ဆောက်လုပ်ရေး လုပ်ငန်းအားလုံးနီးပါး မကြာမီကာလအတွင်း ရပ်ဆိုင်းသွားနိုင်တယ်လို့ လုပ်ငန်းရှင် တစ်ဦးက အခုလို ပြောပါတယ်။

“ ဒီအတိုင်း ဆက်သွားရင် ရပ်တော့မယ်။ ပိုက်ဆံက ထုတ်ရခက်နေတာ ၊ ကုန်ဈေးနှုန်းက မကျနေဘူးဆိုတော့ ဆီဈေးတွေက အစပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ တင်ဒါ လုပ်ငန်း အသစ်တွေကို လုပ်ကိုင်တော့ခြင်း မရှိဘဲ လက်ကျန် လုပ်ငန်းတွေကိုသာ အရှုံးခံပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြတဲ့ လုပ်သား သောင်းချီ ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်နားလာတဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.