မော်လမြိုင် ၊ နိုဝင်ဘာ (၉)

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၇၇ နှစ်၊ ပြည်နယ်စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို ထောင်ဒဏ် ၉၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

ကရင်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီးတို့ကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ ကရင်ပြည်နယ်တရားလွှတ်တော်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ကို အဂတိအမှုတစ်မှု အပါအဝင် စည်ပင်ဝန်ကြီး ဦးသန်းနိုင်နဲ့ နှစ်ဦးတွဲ အဂတိအမှု ၄ မှုအတွက် အမှုတစ်ခုကို ထောင်ဒဏ် ၁၅ နှစ်နှုန်းနဲ့ စုစုပေါင်း ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုတော့ အဂတိမှု ၂ မှု၊ ဝန်ကြီးချုပ် နန်းခင်ထွေးမြင်နဲ့ နှစ်ဦးတွဲမှု အဂတိ ၄ မှုအတွက် အမှုတစ်ခုကို ထောင်ဒဏ် ၁၅ နှစ်နှုန်းနဲ့ စုစုပေါင်း ထောင်ဒဏ် နှစ် ၉၀ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ စည်ပင်ဝန်ကြီး တို့ဟာ ပြီးခဲ့တဲ့ကာလတုန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံထားရတာကြောင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ထောင်ဒဏ် ၇၇ နှစ် ၊ စည်ပင်ဝန်ကြီးက ထောင်ဒဏ် ၉၂ နဲ့ အမိန့်ချမှတ်ခံလိုက်ရပါတယ်။

အဲဒီအမှုအတွက် နှစ်ဦးစလုံးက တရားရေးကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် အယူခံဝင်သွားမှာ မဟုတ်ဘူးလို့ ရှေ့နေတွေက ပြောပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ထဲမှာတော့ လဝကဝန်ကြီးဦးမင်းကိုခိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နဲ့ ပအိုဝ်းဝန်ကြီးခွန်မျိုးတင့်တို့ကို ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.