မော်လမြိုင်၊ နိုဝင်ဘာ ၈

KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဒေသထဲမှာ စစ်ကောင်စီ ဘီဂျီအက်ပူးပေါင်းတပ်တို့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ တပ်တို့ကြား နိုဝင်ဘာ ၅ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးသွားခဲ့တယ်လို့ ကေအဲန်ယူမူတြော်သတင်းစဉ်က ဒီက‌‌နေ့မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၁၄ BGF နယ်ခြားစောင့်တပ်တို့ကြား ကလဲ့ခယ်သချိုင်းအနီးမှာ ရင်ဆိုင်ထိတွေ့မှုတစ်ကြိမ် ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီထိတွေ့ရင်ဆိုင်ပစ်ခတ်မှုမှာ စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ရင်းဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က နို့ခေးပူအခြေစိုက် စစ်ကောင်စီရဲ့ စကခ (၈) ခမရ(၄၀၉) တပ်နဲ့ ဘီဂျီအက်ပူးပေါင်းတပ်ဖွဲ့တို့ဟာ မယ်သုဖက်ကိုတက်လာတဲ့အတွက် KNLA တပ်မဟာ ၁ နဲ့ ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးတာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲနှစ်ကြိမ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၁ ဘက်မှာတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီတာဝန်ရှိသူတွေဟာ သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေကို အသုံးပြုလျက်ရှိနေတယ်လို့ ကေအဲန်ယူမူတြော်ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.