သထုံ၊ နိုဝင်ဘာလ ၆

သထုံမြို့နယ်အတွင်းမှာ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး အထောက်အထားအပြည့်အစုံမပါတဲ့ မော်တော်ဆိုင်ကယ်နဲ့ဆိုင်ကယ်ဘေးတွဲတွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေ ရှိနေပါတယ်။

စစ်ဆေးရာမှာတော့ ဆိုင်ကယ်လိုင်စင်၊ ဦးထုပ်၊ နောက်ကြည့်မှန်၊ ယာဉ်မောင်းလိုင်စင်၊ နံပါတ်ပြား အပါအဝင် ယာဉ်နဲ့ပတ်သက်တာတွေအားလုံးကို စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

အဲဒီလို စစ်ဆေးပြီး လိုအပ်ချက် တစ်စုံတစ်ရာတွေ့ပါက ဖမ်းဆီးပြီး ဒဏ်ကြေးဆောင်ခိုင်းတာတွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်ဆိုင်ကယ် အဖမ်းခံရတယ်။ ခါတိုင်းလိုဘဲ mask စစ်တယ်ထင်လို့ သွားလိုက်တာ ဖမ်းခံလိုက်ရတယ်။ ဆိုင်ကယ်က လိုင်စင်နဲ့ပါ ဒါပေမယ့် ခါတိုင်းလိုထင်ပြီး ဦးထုပ်နဲ့ဘက်မှန်မပါဘဲ သွားလိုက်တာ ဒဏ်ကြေး ၅၀၀၀၀ မိသွားတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သထုံမှာ လိုင်စင်မဲ့မော်တော်ကားတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် စီးနေသူတွေ ၊ လိုင်စင်မဲ့ မော်တော်ယာဉ်တွေ အများအပြား ဖြတ်သန်းသယ်ဆောင်တာတွေ ရှိနေပေမယ့် ဖမ်းဆီးမှုမရှိဘဲ ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲသမားတွေကိုသာ ဖမ်းဆီးဒဏ်ရိုက်တာတွေရှိနေတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။

ယခုလိုကာလ စက်သုံးဆီစျေးတွေမြင့်တက်နေတာ၊ ကိုဗစ်ကပ်ရောဂါနဲ့နိုင်ငံရေးအခြေနေတွေကြောင့် ပြည်သူတွေစားဝတ်နေရေးခက်ခဲနေချိန်မှာ ယာဉ်တွေကို ဖမ်းဆီးဒဏ်ရိုက်တာတွေဟာ ပြည်သူတွေအတွက် နစ်နာမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဖမ်းဆီးရေးအဖွဲ့တွေက ဖမ်းဆီးမှုကိုတော့ သထုံမြို့နယ်အပိုင် ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မြို့လယ်အဝိုင်းနားနဲ့သထုံ-ဘားအံကားလမ်းတွေပေါ်မှာ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.