မော်လမြိုင် ၊ နိုဝင်ဘာ (၆)

ဘားအံမြို့မှာ CDM ဝန်ထမ်းတွေနဲ့ အရပ်သား ပြည်သူတွေ နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညဘက်တွေမှာ မော်တော်ယာဉ်တွေနဲ့အဖွဲ့တွေခွဲပြီး ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်လာတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း CDM နဲ့ အရပ်သားပြည်သူ ၁၀ ဦးထက် မနည်း ဖမ်းဆီးခံထားရပါတယ်။

ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက် ဥပဒေတွေအပြင် ပုဒ်မ ၅၀၅ (က)တွေနဲ့ ပါ အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဘားအံမြို့မှာတော့ ကရင်ပြည်နယ်နေ့ပွဲတော် နီးကပ်လာတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့တွင်းမှာ ရှာဖွေဖမ်းဆီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်လာပါတယ်။

ဒါ့အပြင် ဘားအံမြို့အဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက မနက်ရော ညပိုင်းမှာပါ ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ် ဆိုင်ကယ်တွေကို တားဆီးရှာဖွေစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဘားအံမြို့နယ်အတွင်းမှာ လူစုလူဝေးမပြုလုပ်ဖို့အတွက် ပုဒ်မ ၁၄၄ အမိန့်က ဆက်ရှိနေဆဲဖြစ်ပြီး ညမထွက်ရအမိန့်ကိုတော့ ည၁၀ နာရီကနေ မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်ထားတယ်လို့ ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.