သရက်ချောင်း၊ နိုဝင်ဘာလ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ တောင်ပျောက်တိုက်နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
ယနေ့မနက် ၉ နာရီကျော်ခန့်မှာ သဲချောင်းကြီးကျေးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
“မနက်ပိုင်းက စကစ ကားတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တယ်လို့တော့သိရတယ်။ စကစဘက်ကထိခိုက်သေဆုံးတာရှိတယ်။ သူတို့တိုက်ခိုက်ခံရပြီးတော့ ပြန်တဲ့လမ်းမှ ပစ်ခတ်လို့ ဒေသခံတစ်ဦး ကျည်ထိသွားတယ်လို့လည်း သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စုံစင်ဖျားကျေးရွာဘက်သို့ ထွက်ခွာလာစဉ်လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ကလည်း တောင်ပျောက်တိုက်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ဒေါင်းမင်းစစ်ဆင်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်