ကျိုက်ထို၊ နိုဝင်ဘာလ ၆

စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားပွဲတော်ကို ပြန်ဖွင့်ခဲ့ပေမယ့် လာရောက်ဖူးမြော်သူ နည်းပါးတာကြောင့် တောင်ပေါ်က ဈေးသည်တွေ အရောင်းအဝယ် မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို စည်စည်ကားကား ဖွင့်လှစ်နိုင်ဖို့အတွက် ဈေးဆိုင်တန်းတွေကို စစ်ကောင်စီက နှစ်စဉ်ပေးသွင်းနေရတဲ့ တင်ဒါအခွန်တွေကို ကင်းလွတ်ခွင့်ပေးပြီး ရောင်းချခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။

အခုချိန်ထိတော့ ဘုရားဖူးလာရောက်သူ နည်းပါးတာကြောင့် အရောင်းအဝယ်မကောင်းလို့ အရင်းပြုတ်တော့မယ်လို့ ဈေးရောင်းချနေသူတစ်ဦးက ပြောပါတယ်။

“ဘုရားဖူးက အလာနည်းတယ်။ အရင်နှစ်တွေလိုတော့ မဟုတ်ဘူး။ တောင်ဖွင့်ပွဲလိုနေ့တောင် အလာနည်းတာ။ဘုရားဖူးအလာနည်းတော့ ဈေးအရောင်းအဝယ်က မကောင်းဘူးလေ။ ဂေါပကနဲ့ဆက်နွယ်တဲ့ဘက်ကတော့ ဘုရားဖူးအလာများတယ်ပေါ့ သူတို့ဘက်ကတော့ အဲလိုတွေ facebook ပေါ်တင်တာတွေရှိတယ်။ ဒါပေမယ့် တောင်ပေါ်နေသူတွေက အသိဆုံးဘဲလေ။ ဈေးသည်တွေကတော့ ငွေရှိတဲ့သူကလွဲရင် အများစုက ချေးဌားပြီး အရင်းလေးထုတ် လာရောင်းကြတာ။ ခုတော့ထင်သလောက်အဆင်မပြေပါဘူး။ ဒီအတိုင်းဆို အရင်းပြုတ်မယ့်သဘောရှိတယ်။ ဒါကလည်း ဖြစ်နေတဲ့ နိုင်ငံရေးအခြေနေကြောင့် ဘုရားဖူးတွေ မလာတာလည်းပါတာပေါ့။ ”လို့ တောင်ပေါ် ဈေးရောင်းချသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကျိုက်ထီးရိုးတောင်ပေါ်မှာ ခေါင်းရွက်ဗျက်ထိုး ပျံကျစေးသည်ကအစ၊ ဟိုတယ်လုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေက ဘုရားဖူးပြည်သူတွေကို အဓိက အားထား လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

“ဘုရားဖူးအလာနည်းတော့ ဈေးအရောင်းအဝယ်မကောင်းတော့ စရိတ်ထောင်းတာပေါ့။ လေလံကြေးက ခုချိန်မပေးရဘူးဆိုပေမယ့် ဘယ်အချိန်တောင်းမလဲတော့ မသိသေးဘူးပေါ့။ ”လို့ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပုံမှန်အခြေနေမှာ ကျိုက်ထီးရိုးစေတီတော်ကို နေ့စဉ်ဘုရားဖူးလာပြည်သူတွေ အများအပြားရှိနေပြီး ရုံးပိတ်ရက်နဲ့အခါကြီးရက်ကြီးတွေမှာဆိုရင် ကြိတ်ကြိတ်တိုးစည်ကားလေ့ ရှိပါတယ် ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.