မော်လမြိုင်၊ နိုဝင်ဘာလ ၅

စစ်ကောင်စီက ပြည်သူလူထုရဲ့ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ကရင်နီဒေသတွေမှာ စစ်ကောင်စီက ​ပြည်သူလူထုရဲ့ အိုးအိမ်တွေ ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါဒေသတွေမှာ ပြစ်မှုကျူးလွန်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်းထန်စွာအရေးယူပေးဖို့ PPST က တောင်းဆိုထားပါတယ်။

ပဋိပက္ခဖြစ်ပွားတဲ့ ဒေသအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံးရရှိနိုင်ဖို့ကိုလည်း PPST က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့လူထုရင်ဆိုင်နေရတဲ့ အထွေထွေအကြပ်အတည်းကြီးက တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်ရောက်နေပြီး ဒေသတွင်း တည်ငြိမ်မှုတွေကိုပါခြိမ်းခြောက်လာတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကိုင်း၊ မကွေး၊ ကရင်နီဒေသတွေအပြင် PDF တွေလက်နက်ကိုင်တော်လှန်မှုရှိနေတဲ့ ဒေသတွေကို အင်အားသုံး ပစ်ခတ်ဖြိုခွင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.