မော်လမြိုင်၊ နိုဝင်ဘာလ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့က ABSDF ဆက်ဆံရေးရုံးက အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်လို့ PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(NCA-S EAO)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးမှာ PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြဝတီက ABSDF ဆက်ဆံရေးရုံးက ရုံးတာဝန်ခံနဲ့ရုံးအဖွဲ့ဝင်တွေကို စစ်တပ်၊ ရဲနဲ့ဒေသဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်ပြီး ထိန်းသိမ်းထားတယ်လို့ ကြားသိရတယ်။ ဆက်ဆံရေးရုံးအဖွဲ့ဝင်တွေဟာ Bilateral စာချုပ်နဲ့NCA စာချုပ်အရ သက်ဆိုင်ရာ EAO များရဲ့နှစ်ဖက်သဘောတူ တရားဝင်ခန့်အပ်ထားတဲ့ သံတမန်ကဲ့သို့ ဆက်ဆံရေးအရာရှိများဖြစ်တယ်။ သူတို့ကို အကာအကွယ်ပေးရမယ်လို့ NCA မှာလည်း ပြဌာန်းထားတာကြောင့် ခုလိုပြုမူတာဟာ NCA ကို ချိုးဖောက်ရာရောက်တယ်။ ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ PPST ကိုယ်စားတောင်းဆိုပါတယ်”လို့ နိုင်အောင်မင်းက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ညနေပိုင်းက မြဝတီကြံခင်းရပ်ရှိ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်စီးပြီး ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် အောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီနဲ့ ကိုခင်မောင်ဝင်းတို့ကို ဖမ်းဆီးသွားပြီး မြဝတီအခြေစိုက် စစ်ဗျူ ဟာထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.