မော်လမြိုင် ၊ နိုဝင်ဘာ (၄)

ကရင်ပြည်နယ်နေ့ ပွဲတော်ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ဘားအံမြို့နယ်မှာ လူစုလူဝေးမပြုလုပ်ကြဖို့ ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အမိန့်ကို သက်တမ်း ထပ်တိုးကြောင်း နိုဝင်ဘာ ၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီကတော့ လူအချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ လုပ်ဆောင်နေတာကို တွေ့ရှိရတဲ့အတွက်ကြောင့် ပုဒ်မ ၁၄၄ အမိန့် ထပ်တိုး ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

အဲဒီအမိန့်အရ လူ ၅ ဦး ဒါမှမဟုတ် ၅ ဦးထက်ပိုတဲ့လူတွေဟာ ဘားအံမြို့နယ်အတွင်း လမ်းမကြီးများ အများပြည်သူသွားရာလမ်း လမ်းသွယ် လမ်းကြား၊ ဥယျာဉ် ဒါမှမဟုတ် အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ စုဝေးတာတွေမပြုလုပ်ဖို့နဲ့ ညမထွက်ရအချိန်ကိုလည်း ည ၁၀ နာရီကနေ နံနက် ၄ နာရီအထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပုဒ်မ ၁၄၄ အမိန့်ဟာ နောက်ထပ်အမိန့် တစ်စုံတစ်ရာ မရမခြင်း အတည်ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ကရင်ပြည်နယ်စစ်ကောင်စီဟာ လာမယ့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်နေ့ပွဲတော်ကို ကျင်းပသွားဖို့ စီစဉ်နေပြီး အဲဒီပွဲတော်မှာ ပြခန်း၊ လက်ဝှေ့ပွဲနဲ့ ဒုံးအကပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားဖို့ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.