မော်လမြိုင် ၊ အောက်တိုဘာ (၁၉)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားဖူး လာသူတွေကို စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက မှတ်ပုံတင်၊ဖုန်းနံပါတ်၊နေရပ်လိပ်စာကအစ တောင်းယူစစ်ဆေးနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဘုရားဖူးလာရောက်သူတွေက ပြောပါတယ်။

ဘုရားဖူးလာသူတွေကို စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက တောင်ခြေ ကင်မွန်းစခန်းက တောင်တက်ကား လက်မှတ်ဖြတ်ရာနေရာနဲ့ ရသေ့တောင်နဲ့ ခြင်္သေ့နှစ်ကောင် မုတ်ဝတွေမှာ စစ်ဆေးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“တောင်ခြေကင်မွန်းစခန်းကားဂိတ်မှာကတည်းက အကုန်အစုံ စစ်တာ။ ရသေ့တောင်မှာက လူတွေကို သေချာလိုက်ကြည့် စစ်တာလုပ်တယ်။ ခြင်္သေ့နှစ်ကောင်နားမှာလည်း အချက်လက်တွေ တောင်းစစ်တယ်။ သူတို့ကတော့ လုံခြုံရေးအရ စစ်တယ်လို့ ဆိုပေမယ့် ကျွန်တော်တို့အတွက်ကတော့ စိတ်ကသိကအောင့်ဖြစ်ရတယ်”လို့ ဘုရားဖူးပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဘုရားဖူးလာပြည်သူတွေရဲ့ ခရီးဆောင်အိတ်တွေကို တောင်းယူစစ်ဆေးနေသလို တည်းခိုဆောင်တွေမှာလည်း ဧည့်စာရင်းတိုင်ဖို့အတွက်ဆိုပြီး ကိုယ်ရေးအချက်အလက် အပြည့်အစုံ ပေးရတယ်လို့ ဘုရားလာရောက်သူတွေက ပြောပါတယ်။

 တောင်တက်ကားပေါ်တွေမှာ လုံခြုံရေးအရဟုဆိုပြီး တစ်ခါတစ်ရံ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါမှုရှိသလို ရင်ပြင်တော်နဲ့အနီးပတ်ဝန်းကျင်တွေမှာလည်း ကင်းလှည့်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

 ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကို ကိုဗစ်ရောဂါကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့တာ ဖြစ်ပြီး၊ လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့ သီတင်းကျွတ်လပြည့်နေမှာ စစ်ကောင်စီက တောင်ဖွင့်ပွဲလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.