မော်လမြိုင် ၊ အောက်တိုဘာ (၁၆)

စစ်တပ် အာဏာသိမ်းပြီး ၈ လတာကာလအတွင်းမှာ အခြေခံလူတန်စားပြည်သူတွေဟာ မိသားစုဝမ်းရေ ဖြေရှင်းဖို့ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေပါတယ်။

 အခြေခံလူတန်စားပြည်သူတွေဟာ ကုန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာ၊ အလုပ်အကိုင် မရှိကြတော့တဲ့အတွက်ကြောင့် တစ်နေ့ ထမင်းတစ်နပ်စားဖို့ပင် အခက်အခဲရှိလာတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အခြေခံလူတန်းစာ ပြည်သူအများစုဟာ တစ်နေ့ ထမင်းတစ်နပ်သာ စားလာရသလို အချို့မိသားစုတွေဆိုရင် ဆန်ပြုတ်စားနေရတဲ့ အခြေအနေကို ရောက်ရှိလာပြီးလို့ ပြည်သူမှ ပြည်သူထံ ကူညီပေးနေသူတွေက ပြောပါတယ်။

 “တချို့မိသားစုတွေဆိုရင် ထမင်းကို နှစ်နပ်ကိုတစ်နပ်ပေါင်းစားနေကြရသူတွေလည်း တွေ့ရတယ်။ တချို့ဆိုရင်လည်း ဆန်ပြုတ်၊ ပြုတ်စားနေရတဲ့အခြေအနေတွေအထိ ဖြစ်နေတာတွေကို တွေ့ရပါတယ်။ အဲ့ဒါတွေကို မြင်တွေ့နေရတော့ ပြည်သူတွေရဲ့ဒုက္ခ အခက်အခဲတွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းနိုင်ဖို့အတွက်ကို လိုက်ပြီးတော့ လှူဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ညမထွက်ရအချိန် ကန့်သတ်ခံရတာ၊ သွားလာရ ခက်ခဲလာတာ၊ လုပ်ငန်းအများစု ပိတ်သိမ်းလာတဲ့အတွက်ကြောင့် အခြေခံလူတန်းစာပြည်သူတွေဟာ မိသားစုအတွက် ပုံမှန်ဝင်ငွေရှာဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

 မိသားစုပုံမှန် ဝင်ငွေ မရှိကြတဲ့အတွက်ကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အခြေခံလူတန်းစာပြည်သူ တစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးက ဘယ်လောက်အထိအခက်အခဲဖြစ်နေလဲဆိုတော့ ယောင်္ကျားက ဒီနေ့အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံက ဆန်ဘဲဝယ်နိုင်တယ်။ ရွာမှာဆိုရင် ကွန်တွေကြဲပြီး ရတဲ့ငါးလေးတွေနဲ့ချက်စားရတာပေါ့နော်။ တခါတလေဆိုရင် ငါးပိရည်နဲ့တောင် နပ်မမှန်ချင်တော့ပါဘူး။ လုပ်အားခက ဆန်ဖိုးအတွက်ဘဲရတယ်” လို့ ကော့ခနိကျေးရွာနေသူတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်နယ်စီးပွားရေးလုပ်ငန်း  အများစု ရပ်နားလာရသလို အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည် လုပ်ကိုင်နေတဲ့ အလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်လာကြပါတယ်။

 ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အဆိုအရ လာမယ့် ၆ လအတွင်း မြန်မာပြည်သူ ၆ သန်းကျော် ငတ်မွတ်ခေါင်ပါးမှုဘေးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.