မော်လမြိုင်၊ အောက်တိုဘာ ၁၂
အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းတို့ အမှုကို နိုဝင်ဘာလအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။
ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ သထုံမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ထွန်းတို့ကို အာဏာသိမ်း စစ်ကောင်စီက ဝန်ထမ်းတွေCDMမှာ ပါဝင်ဖို့ လှုံဆော်တာ၊ စစ်အာဏာရှင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို သထုံမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က)နဲ့ စွဲချက်တင် အမိန့်ချမှတ်ထားတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုအတွက် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူကို စတင် စစ်ဆေးနေပြီးလို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်း ဖြစ်သူတို့ကို ၂ လကျော်အကြာ ရုံးထုတ်စစ်ဆေးခြင်း မရှိဘဲ စက်တင်ဘာ တတိယအပတ်ကမှစပြီး ပြန်လည် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်နဲ့ ခင်ပွန်းဖြစ်သူ ဦးဉာဏ်ထွန်းကိုတော့ စစ်ကောင်စီက ကျိုက်မရော အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။
သတင်း- သံလွင်တိုင်းမ်