ဘီးလင်း၊ အောက်တိုဘာ ၁၁

ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးရှိ ကားမဲဂိတ်ကို BGF ဘက်မှ ပိတ်ထားတာကြောင့် ဒေသခံ‌တွေ သွားလာရခက်ခဲပြီး စားသောက်ကုန်‌တွေ သယ်ဆောင်ဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ကားမဲဂိတ်ကို ပိတ်ထားတာ တစ်ပတ်ခန့်ကြာမြင့်လာအတွက် ဒေသခံများအဖို့ နီးစပ်ရာကျေးရွာနဲ့ သထုံသို့လာဖို့ အခက်ခဲ‌ တွေ ဖြစ်နေကြပါတယ်။

” ဂိတ်ကို ပိတ်ထားတော့ ပြည်သူတွေ သွားလာလို့မရဘူး။ အောက်ဘက်ရွာတွေကလူတွေလည်း အပေါ်ဘက်ပြန်တက်လို့ မရသလို အပေါ်ဘက်က ရွာတွေကလည်း မြို့တက်စျေးဝယ်ဖို့ အခက်တွေ့နေရတယ် ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လမ်းပိတ်ထားတာကြောင့် လေးကေ၊ မြစ်ကျိုး၊ ပျဥ်းမပင်ဆိပ်၊ ကြိုးဝိုင်းအစရှိတဲ့ ဝင်းတာပန်အထက်ဘက်ရှိ ကျေးရွာ‌ တွေမှာ စားသောက်ကုန်များ စျေးနှုန်းမြင့်တက်မှုတွေ ဖြစ်‌‌ပေါ်နေတာပါ။

“ပိတ်ထားတာကလဲ တစ်ပတ်လောက်ရှိပြီးကြားတယ်၊ လမ်းပိတ်ထားတော့ ပြည်သူတွေ သွားလာရခက်တာပေါ့။ လေးကေအထက်ဘက်ကရွာတွေက အောက်ဆင်းမရ စျေးဝယ်မရဖြစ်တာပေါ့။ သူတို့ဘက်က ရိက္ခာပို့ဖို့ ပိတ်ထားတာလားမသိဘူး။ ဝင်းတာပန်စခန်းဘက်မှာက BGF က ထိုင်တယ်”လို့ KNU တပ်မဟာ(၁)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကုန်းလမ်းကားလမ်းကြောင်းကို ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ ရေလမ်းကိုသာ အားထားသွားလာနေရလို့ စားသောက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သိမ်ဆိပ်-လေးကေ ကားလမ်းအနီးဝန်းကျင်မှာ KNU တပ်မဟာ(၁)နှင့်စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် မိုင်းထောင်ဖောက်ခွဲခံရတာကြောင့် စစ်ကောင်စီဘက်မှ စစ်ဆေးမှု အဆိုပါလမ်းပေါ်မှာ လမ်းသွားလမ်းလာ ဒေသခံများ အပေါ် စစ်ဆေးမှု တင်းကြပ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.