သရက်ချောင်း၊ အောက်တိုဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအနီးရှိ တောတောင်တွေမှာအောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ စော်ဖျာကျေးရွာ ဌက်ပျောတော တောင်ဘက်ကို ဦးတည်ပြီး တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း စော်ဖျားကျေးရွာမှာ တောတောင်ထဲပုန်းရှောင်နေတဲ့ ဒေသခံတွေကို လိုက်လံရှာဖွေနေတဲ့ စစ်ကောင်စီအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးသွားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

“မနေ့က စစ်သား ၂ ယောက်ထွက်ပြေးတယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြီးတော့ ညနေပိုင်းမှာ သူတို့ဘက်က အင်အားတွေ ထပ်ရောက်လာပြီး ရှာနေကြတယ်။ ဒီမနက်ပိုင်းမှလည်း ထပ်ရှာနေတယ်လို့ သိရတယ်။ အမှန်က သူတို့စစ်သားတွေကို ရှာတာထက် PDF တွေကို ရှာဖို့လာတာ ဖြစ်နိုင်တယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။



အဆိုပါ သတင်းတွေ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ စော်ဖျားကျေးရွာဘက်ကို အင်အား ပြန်ဖြည့်ကာ အင်အားအများအပြားဖြင့် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လိုက်လံ ရှာဖွေနေသလို PDF များကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်းမှာလည်း ထားဝယ်ဘက်မှ စစ်ကား ၁၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါကာ စော်ဖျားကျေးရွာဘက်ကို ထပ်မံဆင်းသွားတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်ဖို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.