မော်လမြိုင်၊ အောက်တိုဘာ ၈

ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ISP-Myanmar မှ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်​ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့် ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။

အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။



မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေသည့်အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေတာကြောင့် ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်(ဇွန်လအထိ)မြန်မာနိုင်ငံမှာ နိုင်ငံခြးရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံကျော် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးအစိုးရနှင့်NLD အစိုးရလက်ထက် တစ်နှစ်လျှင် ပျှမ်းမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ဘီလီယံနှင့်၅ ဘီလီယံကြားရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဇွန်လ အမေရိကန်ဒေါ်လာ ၃.၇၆၂ ဘီလီယံသာ ဝင်ရောက်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပုံမှန်အားဖြင့် ဒေသတွင်း နိုင်ငံများက အင်အားကြီးနိုင်ငံများထက် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လေ့ရှိသော်လည်း ဇွန်လတွင်မူ အာဆီယံအဖွဲ့ဝင်နိုင်ငံများ စသည့် ဒေသတွင်းရင်နှီးမြှပ်နှံမှုများ ထပ်မံဝင်ရောက်မှုမရှိတော့ဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဂိုရှိနေသည့် လုပ်ငန်းများမှာ ရပ်နား၊ ပိတ်သိမ်းလိုက်ရသည့် လုပ်ငန်းများလည်းရှိနေတယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.