မော်လမြိုင်၊စက်တင်ဘာ ၂၉

ဘားအံမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံတွေက လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘားအံမြို့ပေါ်နဲ့ မြိုရဲ့ပတ်ဝန်းကျင်နေရာတွေမှာ စစ်ကောင်စီလက်အောက်ခံ ရဲ ၊ နယ်ခြားစောင့်တပ် ၊ ယာဉ်ထိန်းရဲစတဲ့ပါဝင်တဲ့ အဖွဲ့ပေါင်းစုံဟာ လိုင်စင်မဲ့ ကား မော်တော်ဆိုင်ကယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ဒဏ်ငွေရိုက်တာ၊ အဖွဲ့အစည်းစတေကာနဲ့ စတေကာအမဲ ကပ်ထားတာတွေရှိပါက ခွာခိုင်းတာ၊ ယာဉ်မောင်းလိုင်စင်ရှိမရှိ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၂၈ ရက်နဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ဘားအံမြို့ အမှတ် ၇ ရပ်ကွက်ရုံးရှေ့နေရာ၊ ဘားအံကမ်းနားလမ်းနဲ့ သိမ်တော်ကြီးကွေ့နေရာတွေမှာ ယာဉ်ထိန်းရဲဦးဆောင်တဲ့အဖွဲ့တွေက လိုင်စင်မဲ့ ကားဆိုင်ကယ်တွေကို စစ်ဆေးမေးမြန်းပြီး အထောက်အထားမပြနိုင်ပါက ဒဏ်ကြေးသုံးသောင်းခွဲဆောင်ခိုင်းနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“အခုဒီမနက်ဖမ်းတာ။ သွားရင်းနဲ့ ဒဏ်ကြေးပဲသုံးသောင်းခွဲ ပေးလိုက်ရတာ။ ဦးထုပ်မပါလို့။ ဦးထုပ် မောင်းလိုင်စင်တို့ဘာတို့ အကုန်ပြောတာပဲ။ အခုတရားရုံးမှာသွားဆောင်ရတာ။ ကားတွေကျတော့ စတေကာမခွာတာတို့ နည်းအမျိုးမျိုးပေါ့ကွယ် ရစ်တယ် လိုင်စင်မပါတာတို့ ။ ရစ်ပြီးတော့ ဒဏ်ကြေးသုံးသောင်းခွဲဆောင်ခိုင်းတယ်။ အဖွဲ့အစည်းလက်မှတ်လုပ်ခိုင်းတယ်လို့ကြားတယ်။ ဆိုင်ကယ်လိုင်စင်လုပ်ခိုင်းတယ်။ ဘတ်ဂျက်ရှာတာဖြစ်ဖို့များတယ်။ သိမ်းတော့မသိမ်း ဒဏ်ကြေးပဲဆောင်ခိုင်းတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။



အခုလိုကာလတွေမှာ စက်သုံးဆီဈေးနှုန်းတက်တာနဲ့ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးအခြေအနေကြောင့် အခက်အခဲတွေကြုံနေရတဲ့အချိန်မှာ ဒီလို စစ်ကောင်စီလက်အောက်ခံတွေက လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဒဏ်ရိုက်အရေးယူမှုတွေ လုပ်ဆောင်နေတာဟာ ပြည်သူတွေအတွက် အရမ်းနစ်နာတယ်လို့ မြို့ခံတစ်ဦးက ပြောပါသေးတယ်။

“နစ်နာတာပေါ့ ဒီမှာပိုက်ဆံမရှိပါဘူးဆိုမှ သုံးသောင်းခွဲဆိုတော့ တော်တော်လေးနစ်နာတာပေါ့။ ဆီဈေးကလည်း တက်။ အလုပ်ကလည်း မသွားမနေရ သွားနေရတဲ့သူဆို ပိုပြီးတော့ ထိတာပေါ့။ ဒါက ပြည်သူအတွက် ခက်ခဲအောင်လုပ်တာ”လို့ ဘားအံမြို့ခံတစ်ဦးက ပြောပါတယ်။

အဖွဲ့အစည်းလက်မှတ်မရှိတဲ့ လိုင်စင်မဲ့ယာဉ်တွေကို နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ အစရှိတဲ့ အဖွဲ့အစည်းလက်မှတ်ပါတဲ့ ယာဉ်ထောက်ခံချက်တွေကို ပြုလုပ်ဆောင်ရွက်ခိုင်းနေပြီး လက်ရှိမှာ အဖွဲ့အစည်းလက်မှတ်ပေါက်ဈေးဟာ အရင်ကထက်ပိုမိုများလာတယ်လို့ ဘားအံမြို့ခံတစ်ဦးထံကနေ သိရပါတယ်။

လက်ရှိ အဖွဲ့အစည်းလက်မှတ်ရဲ့ ပေါက်ဈေးဟာ အရင်က တစ်သိန်းကျော်သာရှိပေမယ့် အခုအခါမှာတော့ ယာဉ်တစ်စီးအတွက် အဖွဲ့အစည်းလက်မှတ်တန်ဖိုးက ငွေကျပ်သုံးသိန်းဝန်းကျင် ရှိတယ်လို့ အဖွဲ့အစည်းလက်မှတ်ပြုလုပ်နေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.