မော်လမြိုင်၊ စက်တင်ဘာ၊ ၂၉

ကိုဗစ်အတည်ပြုလူနာ‌ေတွ ကျန်းမာရေးပြန်လည်ကောင်းမွန်လာရင် ရက်ပေါင်း( ၉၀)အတွင်း ခရီးသွားလာရာမှာ အသွားအလာကန့်သတ်တာနဲ့ ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ကင်းလွတ်ခွင့်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကင်းလွတ်ခွင့်ပြုထားသူထဲမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အတွင်း ခရီးသွားလာသူများအပြင် နိုင်ငံတကာ ဝင်ထွက်ဂိတ်များနဲ့ နယ်စပ်ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာသူတွေလည်း ပါဝင်ပါတယ်။

ကင်းလွတ်ခွင့်ရရှိဖို့အတွက် ကိုဗစ် ရောဂါဖြစ်ပွားခဲ့ကြောင်းကို နိုင်ငံတကာအသိအမှတ်ပြုဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ၊ ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်ကုသမှုစင်တာတွေကနေ အတည်ပြုထုတ်ပေးထားတဲ့ ဆေးရုံဆင်းလက်မှတ်တစ်ခုခုကို အထောက်အထားပြနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။



အဲဒီဆေးရုံဆင်းလက်မှတ်ထဲမှာ ကိုဗစ်ရောဂါအတည်ပြုတဲ့ ရက်ကစပြီး ရက်(၉၀) ကာလအတွင်း ခရီးသွားလာမှုကို ကင်းလွတ်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ကင်းလွတ်ခွင့်ပြုပေးတာဟာ ကိုဗစ်ရောဂါဖြစ်ပွားပြီးတဲ့သူတွေက ရောဂါပြန်လည်ဖြစ်ပွားမှုအား တုံ့ပြန်နိုင်တဲ့ Antibody Level မှာ လအနည်းငယ်အထိသာရှိပြီး ရောဂါပြန်လည်ဖြစ်ပွားမှု မရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာအသိအမှတ်ပြု ဆေးသုတေသနဌာနတွေရဲ့ သုတေသနပြုချက်မှာ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ ရက် ညပိုင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်တတိယလှိုင်းအတွင်း နိုင်ငံတဝှမ်းမှာ ဓာတ်ခွဲအတည်ပြုလူနာ (၄၆၁၀၆၆)ဦးရှိပြီး (၁၇၆၃၁)ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ နိုင်ငံအတွင်းမှာ ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားခဲ့တဲ့ အစောပိုင်းကာလထက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း လျော့ကျလာတယ်
စစ်ကောင်စီက ပြောဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.