ဘန်ကောက်၊ စက်တင်ဘာ ၁၂

ကပ်ဘေးကြောင့် ထိခိုက်ခဲ့ရသည့် ထိုင်းဘုရင့်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အဖတ်ဆည်နိုင်ရန် အောက်တိုဘာလအတွင်းမှစ၍ ဘန်ကောက်ကို ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော နိုင်ငံတကာခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းအစိုးရမှ စီစဥ်နေပါသည်။

၂၀၁၉ ခုနှစ်အတွင်းတွင် ခရီးသွားကဏ္ဍသည် ထိုင်းနိုင်ငံ အမျိုးသားဝင်ငွေ၏ ငါးပုံတစ်ပုံအထိ ဖြည့်တင်းနိုင်ခဲ့သော်လည်း ကိုဗစ် ၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် အပြင်းထန်ဆုံးသော ခရီးသွားကန့်သတ်ချက်များသည် နိုင်ငံခြားသားခရီးသွားဧည်သည့်များ ဝင်ရောက်မှုကို ကျဆင်းစေခဲ့ပြီး နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်ကို ဖြစ်ပေါ်စေခဲ့သည်။

ဗီဇမျိုးကွဲ Delta ဗိုင်းရပ်စ်နှင့်အတူ သေနိုင်စေလောက်သည်အထိ ကူးစက်ပျံ့နှံ့လာသော တတိယလှိုင်းကြားမှာ ဘုရင့်နိုင်ငံအနေဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် အစီအမံများကို အားစိုက်ဆောင်ရွက်နေဆဲဖြစ်သည်။

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ အာဏာပိုင်၏ ပြောကြားချက်အရ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသော ခရီးသွားဧည့်သည်များသည် သီတင်းပတ်နှစ်ပတ်တာ ကြာမြင့်မည့် ဟော်တယ်ကွာရန်တင်း ဝင်စရာမလိုအပ်ဘဲ ဘန်ကောက်အပြင် အခြားခရိုင်လေးခုအထိ လည်ပတ်နိုင်မည်ဟု ပါရှိပါသည်။

ထို့အပြင် ဂျူလိုင်လအတွင်း ဖူးခက်ကို အားလပ်ရပ်အပန်းဖြေကျွန်းဟူ၍ စမ်းသပ်ပြုလုပ်သည့် “Sandbox” ပုံစံအတိုင်း ချင်းမိုင်၊ ချွန်ဘူရီ၊ ပချွန်ဘူရီနှင့် ပရာချောပ်ခီရီခန် အစရှိသော ဧရိယာ ၅ ခုသည် ပါဝင်လာနိုင်ကြောင်း မျှော်လင့်ရပါသည်။

“Sandbox” အစီအစဥ်ဆိုသည်မှာ ခရီးသွားဧည့်သည်များသည် ထိုအစီအစဥ် သတ်မှတ်ထားသော ဧရိယာသို့ ဆိုက်ရောက်ပြီး ခုနှစ်အကြာ သီးသန့် ဧရိယာတစ်ခုအတွင်း နေထိုင်ရမည်ဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါ စစ်ဆေးမှုကို ခံယူရခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၁ ရက်နောက်ပိုင်းတွင် ချင်းရိုင်၊ ဆူဟိုထိုင်း (Sukhothai) နှင့် နာမည်ကြီး ပင်လယ်ကမ်းခြေ ခရီးဖြစ်သည့် ရယောင် (Rayong) စသည့် ဧရိယာများလည်း ထိုအစီအစဥ်တွင် ထည့်သွင်းပါလိမ့်မည်။

သို့သော်လည်း ထိုင်းနိုင်ငံအတွင်း သေဆုံးမှုအမြင့်ဆုံးဖြစ်ပေါ်စေသော ကိုဗစ် ၁၉ ရောဂါ တတိယလှိုင်းသည် ယခုအချိန်ထိတိုင် ပြည့်ပြည့်ဝဝ လျှော့ပါးသက်သာခြင်းမရှိသေးသောကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အေဂျင်စီသည် ထိုအစီအစဥ်များကို ပြောင်းလဲနိုင်စေရန် သတိပေးပြောကြားခဲ့သည်။

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝေဘွန်ကွန်ချာနာက ၎င်း “Sandbox” အစီအစဥ်အောက်တွင် ဖူးခက်ကမ်းခြေသို့လာရောက်လည်ပတ်သူ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသည့် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ၂၉၀၀၀ နှင့်အထက်ရှိပြီး အခွန်ကောက်ခံရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ နီးပါးရှိသည်ဟု ပြောကြားခဲ့သည်။

စမွေတောင်ဝ် (Smaui Tao) နှင့် ဖန်ဂန် (Phangan) အစရှိသော ထိုင်းနိုင်ငံ၏ အပန်းဖြေကျွန်း ၃ ခုကိုလည်း အနည်းငယ်ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များနှင့် ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာ ခရီးသွားဧည့်သည်များအနေဖြင့်လည်း ယင်းတို့သက်ဆိုင်ရာ နိုင်ငံများမှ ထွက်ခွာ၍ ပြည်ပသို့ ခရီးသွားခြင်းကိစ္စရပ်များကို အားပေးအားမြှောက်မပြုထားကြသည့် အကြံပြုချက်သည်လည်း ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းပြန်လည်ထူထောင်ရေးအစီအစဥ်များကို လွှမ်းမိုးထားသော အကြောင်းအရာတစ်ခုဖြစ်သည်။

ကူးစက်နှုန်းကိန်းဂဏန်းမြင့်တက်ခြင်းနှင့် နည်းပါးသော ကာကွယ်ဆေးထိုးနှံရေးနှုန်းထားများကြောင့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံသို့ ခရီးသွားခြင်းမှ ရှောင်ကြည်ကြရန် သတိပေးခဲ့ပြီးဖြစ်သည်။

ထိုင်းအစိုးရ ကိုဗစ် ၁၉ ရောဂါအလုပ်အဖွဲ့၏ ပြောကြားချက်အရ ထိုင်းလူဦးရေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံခြင်းကို နှစ်ကြိမ်တိုင်တိုင် လက်ခံရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref and Photo – The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.