ပေါင် ၊ စက်တင်ဘာ (၆)
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ပေါင်မြို့နယ်မှာ ညပိုင်း အပြင်ထွက်သွားလာသူတွေကို ရဲတွေက ဖမ်းဆီးစစ်ဆေးပြီး ငွေကျပ်သုံးသိန်းပေးမှသာ ပြန်လွှတ်ပေးနေတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ည(၈)နာရီကနေ မနက် (၄)နာရီအထိ အပြင်မထွက်ရအမိန့်ထုတ်ပြန်ထားချိန် လမ်းသွားနေသူတွေ တွေ့ရင် ရဲတွေက စခန်းကို ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
အဲ့ဒီနောက် မိသားစုဆီကို ဆက်သွယ်ပြီး ဒဏ်ကြေးအဖြစ် ငွေကျပ် အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းအထိ တောင်းကာ ပိုက်ဆံပေးသူတွေကို မနက်ကျရင် ပြန်လွှတ်ပေးနေတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။
“အရင်က ကျွန်တော်တို့ သွားလာရင် စစ်ဆေးတာတွေ သိပ်မရှိဘူး၊ ဒီနောက်ပိုင်းမှာ စစ်ဆေးဖမ်းဆီးတာတွေ တော်တော်လုပ်လာတယ်၊ ဖမ်းမိရင်လည်း မနက်ဖြန် ပိုက်ဆံနဲ့ သွားထုတ်တော့ပဲ၊ ထွက်ပြေးလို့ရှိရင်လည်း ရဲတွေက နောက်ကနေ လိုက်ပြီး သေနတ်နဲ့ ပစ်လို့ရတယ်လို့လည်း ပြောသေးတယ် ” လို့ ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ယခုနောက်ပိုင်းမှာ ပေါင်မြို့နယ်အတွင်း ညပိုင်းစစ်ဆေးရေးတွေက အတော်လေး တင်းကြပ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ညကိုးနာရီ အပြင်ထွက်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် သထုံ ၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့မှာလည်း စစ်ဆေးရေးတွေကို ပိုမိုတင်းကြပ်ခဲ့ပြီး သံသယရှိသူတွေအား အကြောင်းမဲ့ ဖမ်းဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆက်တိုက်ပြုလုပ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်